ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ GOD အဆိပ်ငွေ့စစ်ဆင်ရေးအသွင် တော်လှန်လှုပ်ရှားမယ်လို့ ထုတ်ပြန်

ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Gods Of Death အဖွဲ့အနေနဲ့ ရန်ကုန်မြို့ကို ယာယီစွန့်ခွာမှာဖြစ်ပြီး အဆိပ်ငွေ့စစ်ဆင်ရေးအသွင်ဖြင့် အထိုင်မြို့နယ်၊ ဒေသ စွဲမထားဘဲ တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ မနေ့က ဇွန်လ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဖွဲ့အနေနဲ့ လက်ရှိချိန်မှာ ရန်ကုန်မြို့ကို ယာယီ စွန့်ခွါမှာဖြစ်ပေမယ့်လည်း အခွင့်အရေးရတဲ့အခါ ပြန်လာမှာဖြစ်ပြီး ရောက်ရာ အရပ်တိုင်း ပစ်တိုင်းထောင်အနေနဲ့ ဆက်လက် ရပ်တည်သွားမှာဖြစ်တာကြောင့် စစ်အသုံးစရိတ်နဲ့ ရိက္ခာတွေလိုအပ်နေသလို ထောက်ပို့အင်အားတွေလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။
Gods Of Death အဖွဲ့ မှာ ရန်ကုန်မြို့ပြတော်လှန်ရေးအနေနဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် စတဲ့နေရာတွေမှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေသူတို့နဲ့ ပတ်သက်ဆက်နွယ် သူတွေကို ရတဲ့နည်းလမ်းတွေနဲ့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ပျောက်ကျားအဖွဲ့တဖွဲ့လို့ သိရပါတယ်။