ဒလန်ရှင်းဖို့ စာရင်းထွက်နေတဲ့ကိစ္စ NUG တရားဝင် ငြင်းဆို

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG နဲ့ NLD မထောက်ခံသူတွေကို ဒလန်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းသုတ်သင်မယ်ဆိုတဲ့ လူစာရင်းကို ဒီရက်အတွင်း လူမှုကွန်ရက်အသုံးပြုသူတွေကြား ပျံ့နှံ့နေပြီး ဒီလုပ်ရပ်ကို NUG အနေနဲ့ ကန့်ကွက်ကြောင်း ဒီနေ့မှာပဲ ကြေညာချက်အမှတ် ၁၃/၂၀၂၂ နဲ့တရားဝင် ထုတ်ပြန်သွားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေးအင်အားစုတွေနဲ့ ဆန့်ကျင်သူတွေအဖြစ် NUG/CRPH Joint Meeting ကနေ တိုက်ရိုက်ဆုံးဖြတ်လိုက်တယ်ဆိုပြီး လူ ၇ ဦးပါဝင်တဲ့ စာရင်းတခု အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့တာပါ ။ ဒီစာရင်းမှာ ပြည်သူ့ပါတီက အများစု ပါဝင်နေပြီး ပါတီဥက္ကဌ ဦးကိုကိုကြီး ၊ ဗဟိုဘဏ္ဌာရေးတာဝန်ခံ ကိုဖေသက် ၊ ဗဟိုစည်းရုံးရေးတာဝန်ခံ ကိုကျော်လင်း ၊ ရေစကြိုက ကိုကျော်လှိုင်ဝင်း ၊ မရမ်းကုန်းက ကိုသူရ စသူတွေပါဝင်ပြီး ၊ ၈၈ ငြိမ်းပွင့်က မရွှေရင် ၊ Weekly Eleven Journal အယ်ဒီတာချုပ် နရီမင်း တို့အပြင် ကိုသက်ဇင် ၊ ကိုအောင်နိုင် (VOA)၊ ကိုဝင်းမိုး စတဲ့အမည်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီကိစ္စနဲ့ ပါတ်သက်ပြီး NUG က တရားဝင်ကြေညာချက် ထုတ်ပြန်ရာမှာ “အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်း၍ လူ့အဖွဲ့အစည်း ကို မလုံခြုံမှုများဖြစ်စေသည့် အကြမ်းဖက်စစ်အာဏာရှင်ခေါင်းဆောင် များသည်သာလျင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်သည်ဟု သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများအား လေးစားတန်ဖိုးထားလျက် ကြိုးစားဆောင်ရွက် နေခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချိနေသည့် သတင်းမှားတွင် ပါဝင်သည့် လုပ်ရပ်မျိုးမှာ အမျိုးသားညီညွတ်ရေး အစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်များဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မည်သည့်နည်းနှင့်မျှ လုပ်ကိုင်ဆောင်ရွက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံပဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်”လို့ ထည့်သွင်းရေးသားထားပါတယ်။