ကြို့ပင်ကောက်မှာ မြန်မာစည်ဘီယာ ရောင်းချတာရပ်ဖို့ PDF သတိပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာ ရောင်းချခြင်းကို ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားရပ်ဆိုင်းဖို့ ကြို့ပင်ကောက် PDF က ဒီကနေ့သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ကြို့ပင်ကောက်မြို့နယ်အတွင်း မြန်မာစည်ဘီယာ ဂေါက်ထိုင်ကာ ဗြောင်ရောင်းချနေတဲ့ဆိုင်တွေကို စုံစမ်းသိရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်နေ လူငယ်တစ်ဦးက ‘ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အပေါက်နဲ့ မြန်မာစည်ဗြောင်ရောင်းနေတဲ့ဆိုင်တွေ ကြို့ပင်ကောက်မှာ လူတိုင်းသိကြပါတယ်။ အခု PDF တွေလည်း သတိပေးပြီးပြီဆိုတော့ ဆက်ရောင်းရင် သူတို့တာဝန်ပဲလေ။ သောက်ချင်တဲ့သူတွေလည်း သွားသောက်ပေါ့’လို့ ပြောပါတယ်။
သတိပေးချက်ကို လိုက်နာခြင်းမရှိပါက နောင်ဖြစ်လာမယ့်အကျိုးဆက်ဟာ ရောင်းချသူဆိုင်ရှင်ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။