ပြည့်ဖြိုး မြေးငယ်၏လက်ကို တောင်ဝှေ့လို အဖော်ပြုဆွဲပြီးဒေါ်လှဌေးတစ်ယောက် မြို့တက်လာခဲ့ပါပြီ။ မျက်စိက ခွဲစိတ်ဖို့ ရက်ချိန်းကျော်နေတာမို့ မဖြစ်မနေ အရဲစွန့်ပြီး လာခဲ့ရတာလို့ သူကပြောပါတယ်။သူ့ဇာတိက မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ထန်းပုရွာကပါ။
လက်ရှိတိုက်ပွဲတွေကြောင့် မြို့တက်ဆေးကုဖို့ဆိုတာ တောသူတောင်သားတွေအတွက် မဟာစွန့်စားခန်းကြီး ဖြစ်နေပါတယ်။ လူလတ်ပိုင်းသားငယ်တွေ နဲ့ စစ်ဘေးရှောင်နေတဲ့ သမီးငယ်တွေကို ခေါ်ဖို့အခြေအနေမပေးတာမို့ ၁၀နှစ်အရွယ်မြေးငယ်ကို အဖော်ခေါ်ပြီး မုံရွာက မျက်စိအထူးကုဆေးခန်းကို လာခဲ့တာပါ။ “အတွင်းတိမ်ဖြစ်နေတာကြာပြီ။ ဆေးခပ် ဆေးသောက်နဲ့နေလာတာ ၊ခုကျပိုဆိုးလာလို့ လာခဲ့တာ ” လို့ ဒေါ်လှဌေးက ပြောပါတယ်။
အသက် ၇၀ အရွယ် ဒေါ်လှဌေးလို မျက်စိအတွင်းတိမ်ရောဂါ ခံစားနေရတဲ့ သက်ကြီးရွယ်အိုအများစုက စစ်ကိုင်းတိုင်း အောက်ပိုင်း အပူပိုင်းဇုံဒေသတွေက များတယ်လို့ မျက်စိအထူးကုဆရာဝန်ပြီးတွေက ဆိုပါတယ်။ မျက်စိကို ဒုက္ခပေးတဲ့ အချက်များစွာထဲက နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်သည်လည်း အဓိက တရားခံတစ်ခုပါ။ မြန်မာပြည်မှာ အဖြစ်များတဲ့ မျက်စိအတွင်းတိမ်၊ရေတိမ်၊ မျက်ခမ်းစပ်ရောဂါ၊ မျက်သားတက်ခြင်း၊မျက်သားရောင်ရမ်းခြင်း စတဲ့ရောဂါတွေဟာ အပူပိုင်းဇုံဒေသများမှာ အသက်အရွယ်မရွေးဒုက္ခပေးနေတဲ့ အန္တရာယ်တစ်ခုပါ။
အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းက ဒေသခံတွေအပေါ် ဒီရောဂါတွေက ခြိမ်းခြောက်နေတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်က မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအပူပိုင်းဒေသမှာ ကြီးစွာဒုက္ခပေးတဲ့ ကူးစက်ရောဂါတစ်ခုက မျက်ခမ်းစပ်ရောဂါဖြစ်ပါတယ်။ အချိန်မီကုသမှုမခံရင် အမြင်အာရုံကွယ်ပျောက်သည်အထိ ဆိုးရွားတဲ့ မျက်ခမ်းစပ်ရောဂါဟာ အပူကြောင့် ဖြစ်တဲ့ဖုန်မှုန့်တွေကြောင့်ဆိုတာမျက်စိဆရာဝန်ကြီးတွေက သတိပြုမိခဲ့ပါတယ်။ “ခြောက်သွေ့ ပူတော့ ဖုန်ထတယ်လေ၊မျက်လုံးထဲ ဖုန်မှုန့်၊သဲမှုန့်ဝင်တော့ အဲဒီကနေဖြစ်တာ၊ရေရှိရင်ပြီးပြီ။မျက်နှာသစ်ရင်မဖြစ်ဘူး “လို့ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးမှာ နှစ်ပေါင်း ၄၀ ကျော် ကွင်းဆင်းကုသ သုတေသနလုပ်ခဲ့တဲ့ မျက်စိဆရာဝန်ကြီး ဒေါက်တာဘဟိန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ယူနီဆက်အကူအညီနဲ့ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်းကို ၁၉၆၄ ခုနှစ်ကနေ စတင်လုပ်ခဲ့တာပါ။ စစ်ကိုင်းတိုင်းအောက်ပိုင်း အပူချိန်မြင့်မားတဲ့ မုံရွာ၊အရာတော်၊ဘုတလင်၊ချောင်းဦး၊မြင်းမူ၊ဆားလင်းကြီး၊ယင်းမာပင်၊ပုလဲ စတဲ့ဒေသတွေမှာ မျက်ခမ်းစပ်လူနာ ထောင်နဲ့ချီရှိခဲ့တာလို့ ကုသရေးလုပ်ခဲ့တဲ့ဆရာဝန်တွေက ဆိုပါတယ်။
အပူချိန်များတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၄၄နိုင်ငံမှာ မျက်ခမ်းစပ်ရောဂါရင်ဆိုင်ခဲ့ရပြီး လူဦးရေ ၁ ဒဿမ ၉သန်းမျက်စိကွယ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ကူးစက်မှုတိုက်ဖျက်ရေးနှစ် ၆၀နီးပါးလုပ်ခဲ့ရပြီး ၂၀၂၀ စက်တင်ဘာ ၁၀ရက်နေ့မှာ မျက်ခမ်းစပ်ရောဂါ အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အသိအမှတ်ပြုလွှာ ပေးအပ်ခဲ့ပါတယ်။
လူ့ခန္ဓာကိုယ်မှာ အစားထိုးဖို့ ခက်ခဲတဲ့ မျက်စိကို ကာကွယ်ဖို့ နာတာရှည်ဆီးချိုရောဂါအပြင် ခရမ်းလွန်ရောင်ခြည်ကလည်း မေ့ထားလို့မရပါဘူး။ “နေပူထဲအထွက်များရင် လူငယ်ဆိုမျက်သားတက်တာ၊မျက်ကြည်လွှာရောင်တာ၊လူကြီးဆိုအတွင်းတိမ်ရောဂါ ဖြစ်တာများတယ် ၊နေပူထဲထွက်ရမယ်ဆိုရင် UV400 (ခရမ်းလွန်ရောင်ခြည်ကာကွယ်နှုန်း)လောက်အနည်းဆုံးပါတဲ့ မျက်မှန်ကိုတပ်သင့်တယ် ” လို့ မျက်မှန်ကျွမ်းကျင် ဆရာမဒေါ်ခိုင်မာ ကအကြံပေးပါတယ်။ နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်က ဖရီးရယ်ဒီကယ်ဖြစ်ပြီး မျက်စိမှန်ဘီလူးနဲ့ အမြင်လွှာကို ထိခိုက်စေတာပါ။
ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်းများတဲ့ နေ့ခင်း ၁၀နာရီမှ ညနေ၃နာရီအချိန်တွေမှာ နေပူထဲ အချိန်ကြာမြှင့်စွာ အလုပ်မလုပ်သင့်ဘူးလို့ မျက်စိဆရာဝန်တွေက သတိပေးထားပါတယ်။ အရိပ်မရှိတဲ့ လွင်ပြင် လယ်တော ယာတောတွေမှာ နေ့အချိန် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူတွေမှာ ရေရှည် မျက်စိကျန်းမာရေးကို မေ့လျော့နေကြတယ်လို့ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေရဲ့ သုတေသန ပြုချက်စာတမ်းများအရ ကန္တရဆန်လာတယ်လို့ ဆိုထားတဲ့ အညာဒေသမှာ ဆယ်စုနှစ်တစ်ခုအတွင်း နေ့အပူချိန်တွေလည်း တိုးလာသလို မိုးရွာသွန်းတဲ့ ရက်တွေကလည်း တနှစ်ထက်တနှစ်နည်း လာတာတွေ့ရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒဌာန မှတ်တမ်းများအရ အပူပိုင်းဇုန်စစ်ကိုင်းတိုင်းရဲ့အကြီးဆုံးမြို့ မုံရွာမှာ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ ၅နှစ်တာအတွင်း အမြင့်ဆုံးအပူချိန်ဟာ ၄၃ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ထိ တိုးလာပါတယ်။
တနှစ်ပတ်လုံး မိုးရွာရက်တွေဟာလည်း ယခင်နှစ်တွေက ရက်ပေါင်း ၅၀ကျော်ရှိခဲ့ပေမယ့် ယခုနောက်ဆုံး၃နှစ်အတွင်း ရက်ပေါင်း ၃၀ ဝန်းကျင်သာရှိတော့တာ တွေ့ရပါတယ်။ မြင်းမူဒေသမှာ ၅နှစ်အတွင်း တနှစ်တာ အမြင့်ဆုံးအပူချိန်ဟာ ၃၉ ဒီဂရီစင်တီဂရိတ်ကနေ ၄၂ ထိဖြစ်လာတယ်။ မိုးရွာရက်ဟာလည်း ၆၅ ရက်ရှိရာကနေ ၃၀ကျော်သာရှိတဲ့အထိ လျော့နည်းလာပါတယ်။
အပူပိုင်းဇုံက ပုလဲ၊ဘုတလင်၊ယင်းမာပင်၊အရာတော်ဒေသတွေမှာလည်း နောက်ဆုံး ၅နှစ်တာအတွင်း အမြင့်ဆုံးအပူချိန်တွေဟာ ၄၀ဒီဂရီစင်တီဂရိတ်အောက်မဆင်းတော့ဘဲ မိုးရွာရက်တွေကလည်း တိုတောင်းလာကာ ရွာသွန်းတဲ့ မိုးရေချိန်လက်မတွေလည်း နည်းလာတာကို မိုး/ဇလ အချက်အလက်တွေအရ သိရပါတယ်။ အခုလိုအပူချိန်တွေတိုးလာတာ၊မိုးရွာသွန်းမှု ပုံစံတွေပြောင်းလာတာဟာ ကမ္ဘာကြီးပူနွေးလာတဲ့ အကျိုးဆက်ပါ။ ဒါဟာ မြန်မာနိုင်ငံသာမက တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု Climate Change ဖြစ်ပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အရင်ကအခြေအနေမျိုးပြန်မရနိုင်တော့တာမို့ လူတွေရဲ့ အမူအကျင့်ပါ လိုက်ပြောင်းလဲဖို့ လိုက်လျောညီထွေနေနိုင်ဖို့ ပြင်ဆင်လာရမှာပါ။ “အပူချိန်တိုးလာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့အများကြီးပဲ၊ တောမီးလောင်တာ၊ မိုးခေါင်ရေရှားတာ ဒါမှမဟုတ် မိုးပိုများတာ၊ ရောဂါတွေထူပြောလာတာ၊ လူကိုဒုက္ခပေးမယ့် အင်းဆက်တွေ ပြန်ပေါက်ပွားလာတာတွေရောပေါ့ “လို့ဘူမိဗေဒဌာန ပါမောက္ခတစ်ဦးက မှတ်ချက်ပေးပါတယ်။ ပူပြင်းခြောက်သွေ့လာတာနဲ့အတူ သဲဖုန်မှုန့်တွေက ကူးစက်ပိုးမွှားတွေသယ်ဆောင်ပြီး မျက်စိရောဂါတွေပိုမိုဆိုးရွားလာတာ၊တကျော့ပြန်မျက်စိရောဂါတွေဖြစ်မှာကို ဆရာဝန်တွေက စိုးရိမ်နေကြတာပါ။ မိုးခေါင်လာတာရဲ့အကျိုးဆက် ရေသံသရာလည်မှု ကွင်းဆက် ကမောက်ကမကြောင့် မြေအောက်ရေ လျော့နည်းလာတာ အနာဂတ်ရေသံယံဇာတ ရရှိမှုခက်ခဲလာရင် ကူးစက်ရောဂါတွေပြန်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
“ရွှေကိုမလို ရေကိုသာလိုတယ်လို့တောင်ကြွေးကြော်လာတာလေ” ဟု မျက်စိဆရာဝန်ကြီး ဒေါက်တာ ဘဟိန်းကပြောပါတယ်။ စစ်ကိုင်းတိုင်းအဆင့်ဆေးရုံဖြစ်တဲ့ မုံရွာဆေးရုံကြီး မျက်စိဌာနကို အတွင်းတိမ်ရောဂါလာရောက်ကုသတဲ့ လူဦးရေဟာ ၂၀၁၃ ခုနှစ်က ၁၅၀၀ ဝန်းကျင်ရှိခဲ့ရာက ၂၀၁၇ ခုနှစ်နောက်ပိုင်း ၂၀၀၀ ဝန်းကျင် တိုးလာတယ်လို့ ဌာန သူနာပြုဆရာမကြီးတစ်ဦးက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းမှာလည်း စစ်ကိုင်းတိုင်းက မသန်စွမ်းစာရင်းအမျိုးအစားထဲမှာ အမြင်အာရုံ မသန်စွမ်းသူက အများဆုံးဖြစ်နေပါတယ်။ လူ ၁၀၀မှာ ၄ ယောက်က အမြင်အာရုံမသန်စွမ်းသူလို့ဆိုထားပါတယ်။ အမြင်ချို့ယွင်းသူတွေမှာ အမျိုးသမီးတွေက ပိုများပါတယ်။ အပူပိုင်းဒေသ ဖြစ်လို့ မျက်စိဝေဒနာရှင်များပြားပေမယ့် ကုသပေးနိုင်တဲ့ဆေးရုံ၊ မျက်စိဌာန၊ ဒေသတွင်း မျက်စိဆရာဝန်အချိုးအစားဟာ မမျှမတ ဖြစ်နေကြောင်းကိုလည်း ဆရာဝန်ကြီးတွေက ဝန်ခံပြောဆိုထားပါတယ်။
ဒါ့အပြင် အပူရှိန်နဲ့မျက်စိကျန်းမာရေး တွဲဆက်နေတဲ့အကြောင်းကိုလည်း လူထုကိုပညာပေးမှုနည်းပါးတယ်လို့ အပူပိုင်းဇုန်တွေမှာ လူထု ကျန်းမာရေးဆောင်ရွတ်ပေးခဲ့တဲ့ NGO ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုပါတယ်။ ဒေါ်လှဌေး တစ်ယောက် ခွဲစိတ်ထားတဲ့ ဘယ်ဘက်မျက်လုံးပတ်တီးအဖွေးသားပေါ်ကမျက်မှန်အမဲကြီးကို ယောင်ယမ်းချွတ်မိလိုက် ၊ပြန်တပ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
ချင်းတွင်းမြစ်ကို ဖြတ်ပြီး သူမရွာကိုပြန်ဖို့ စက်လှေစောင့်နေတာပါ။ “ရွာမှာလည်း ကျုပ်လိုဖြစ်နေတာတွေရှိတယ်၊ဆရာမကတော့ နေပူမခံနဲ့တဲ့၊နေပူစပ်ခါး လုပ်စားရတာဆိုတော့ ဖြစ်ခါမှ ဖြစ်ပေါ့ လုပ်ရတာဘဲ” လို့ ဒေါ်လှဌေးက သက်ပြင်းရှည်ချကာ ပြောလိုက်ပါတော့တယ်။