ကနောင်နယ်မြေရဲစခန်းက ရဲတစ်ယောက် သေနတ်ပစ်ခံရပြီး ဆေးရုံတင်ထားရ

Photo- CJ
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲစခန်းက ရဲတပ်သားတစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရပြီး မြန်အောင်ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ ကနောင်မြို့ခံတွေဆီက သိရပါတယ်။
ကနောင်မြို့၊ အမှတ် (၂) ရပ်ကွက် လမ်းပေါ်မှာ ဇွန်လ ၂၉ ရက်နေ့ ကနောင်မြို့နယ်မြေရဲ့စခန်းက ရဲတပ်သား ဇော်ဇော်ထက်ကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ဒဏ်ရာနဲ့ ပြေးလာတဲ့ ရဲကိုမြင်တော့ ကျန်တဲ့ရဲတွေက လာပစ်တဲ့သူတွေကို လိုက်ပစ်တာ လာပစ်တဲ့ သူတွေကလည်း ပြန်ပစ်တယ် သူတို့ကိုမမိဘူး လွတ်သွားတယ်”လို့ အဲ့ဒီပစ်ခတ်မှုဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
အပစ်ခံရတဲ့ ရဲရဲ့ရင်ဘတ်မှာ ဒဏ်ရာရရှိထားပြီး စိုးရိမ်ရတာကြောင့် ကနောင်တိုက်နယ်ဆေးရုံကိုမပို့ဘဲ မြန်အောင်မြို့ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ ကနောင်မြို့လူမှုကူညီရေး အဖွဲ့ဝင်အချို့ကဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကနောင်မြို့နဲ့ မြန်အောင်မြို့ပေါ်က မူလတန်းကျောင်းအချို့ကိုပိတ်လိုက်ရပြီး အထက်တန်းကျောင်းတွေကို အကြမ်းဖက်စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီပစ်ခတ်မှုကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့ (Red Dragon Revolution Force)မြန် အောင်မြို့နယ်)ရဲ့ တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
ကနောင်မြို့နဲ့တဆက်တည်းဖြစ်တဲ့ မြန်အောင်၊ ကြံခင်း၊ မဲဇယ်လီ ၊အင်ပင်စတဲ့ ဒေသတွေမှာ ရဲစခန်း နဲ့ ဒလန်ပစ်ခတ်ခံရမှု ၊မိုင်တဲတာဝါတိုင် နဲ့ ဌာနဆိုင်ရာရုံးဖောက်ခွဲခံရမှုတွေ မကြာခဏ ဖြစ်ခဲ့ပေမယ့် ကနောင်မြို့ထဲမှာ အခုလိုရဲတစ်ဦးပစ်ခတ်ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။