ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်သတ်ခဲ့တဲ့ ရွာသားတစ်ဦးရဲ့ အလောင်းအောက်မှာ မိုင်း ၃ လုံးထောင်ထားခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာ စစ်တပ်က သတ်ခဲ့တဲ့ ကျောက်ကြီးမြို့နယ်၊အင်းနက်ရွာသားစောမူးသာ (အသက်၄၀ )ရဲ့ ရုပ်အလောင်းကို အင်းနက် ဘုန်းကြီးကျောင်းအရှေ့ဘက်၊ငှက်ပျောရုံအနီးတွေ့ရှိရပြီး ရွာသားတွေက ကောင်းမွန်စွာမြှုပ်နှံဖို့ ရွှေ့ပြောင်းစဉ်အလောင်းရဲ့ အောက်မှာ မိုင်း (၃) လုံးထောင်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ ကေအဲန်ယူ-ဗဟိုက ဒီကနေ့ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၆ ရက်နေ့၊ အင်းနက်ရွာသား (၃) ဦးဟာ တိုက်ပွဲတွေကြောင့်ရွာကနေ ထွက်ပြေးစဉ်က ချည်နှောင်ထားခဲ့တဲ့ ကျွဲတွေကို ပြန်လာလွှတ်ပြီးနောက် ရွာအတွင်း ပြန်ဝင်လာစဉ် သေနတ်သံကြားလို့ ထွက်ပြေးလာခဲ့ကြရာ အဲဒီအချိန်ကတည်းက ရွာသားနှစ်ဦးပျောက်ဆုံးနေခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ကျန်ရွာသားတစ်ဉီးကိုတော့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်အထိ ရှာမတွေ့သေးပါဘူး။
ဇွန်လ ၂၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့စစ်တပ် တို့ ကျောက်ကြီးမြို့နယ်၊ ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ နှစ်နာရီကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာဝန်းကျင်ရှိ ကျေးရွာတွေက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။