ဗြိတိန်အခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Article-19 အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှာ လွတ်လပ်စွာထုတ်ဖေါ်ခွင့်အဆင့်အတန်း ၁၄၀ မှာ ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို လွတ်လပ်ခွင့် ထိုးကျသွားခဲ့တာလို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့်တွေ ဖိနှိပ်ခံရတာ ၊ အင်တာနက် ဖြတ်တောက်ခံရတာ ၊ နိုင်ငံရေးအတိုက်အခံတွေကို ဖိနှိပ်တာတွေ အပြင် နိုင်ငံရေးအရ သတ်ဖြတ်မှုတွေ ၊ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ ခြိမ်းခြောက်ခံရတာတွေ ၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပေါ်မှာ ဖိနှိပ်တာတွေ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အစီရင်ခံစာရဲ့ ဖေါ်ပြချက်အရ ပြီးခဲ့တဲ့ ၁၀ စုနှစ် တခုအတွင်းမှာ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် မရှိကြတဲ့ အခြေအနေအောက်မှာ နေထိုင်ကြရတယ်လို့ ရေးသားထားပြီး ဒီအခြေအနေမှာ တရုတ် ၊ ရုရှား တို့လို အာဏာရှင်နိုင်ငံတွေသာမက အိန္ဒိယ၊ဘရာဇီးတို့လို ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ ပါတ်သက်ပြီး နိုင်ငံပေါင်း ၁၆၁ နိုင်ငံကို တိုင်းတာရာမှာ ဒီနှစ်အတွက် ဒိန်းမတ် နဲ့ ဆွစ်ဇာလန်တို့က ထိပ်ဆုံးမှာ ရှိနေပြီး နော်ဝေ နဲ့ ဆွီဒင်တို့က ဒုတိယနေရာမှာ ရှိနေပါတယ်။