ဖားအံ -လှိုင်းဘွဲ လမ်းပိုင်းတစ်လျှောက်အကြမ်းဖက်စစ်အုပ်စု နေ့ရာညပါ အစစ်အဆေးတွေလုပ်နေ

ကရင်ပြည်နယ် ဖားအံလှိုင်းဘွဲ လမ်းပိုင်း တစ်လျှောက်မှာ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုအဖွဲ့စုံ ဂိတ်တွေဖွင့်ပြီး နေ့ရာညပါ အစစ်အဆေးတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ KIC ကဖော်ပြပါတယ်။

ဖားအံအနီးအနား ကျေးရွာဒေသခံတွေမှာလက်ရှိ မြို့ဘက်သွားလာရာ ကျေးရွာချင်းဆက်လမ်းတွေကိုသာ အသုံးပြုသွားလာနေကြရတယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ဖားအံ ကော့ကရိတ် လှိုင်းဘွဲ မြို့နယ်တွေမှာ စစ်အုပ်စုတပ်တွေနဲ့ နယ်ခြားစော င့်တပ်-BGF တွေ ၊အပစ်ရပ်အဖွဲ့အချို့နဲ့အတူ မြို့နယ်ချင်းဆက် လမ်းမတွေမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ် စစ်ဆေးတာအကြောင်းပြပြီး ငွေတောင်းခံမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ရှောင်ကွင်းသွားလာ နေကြရတဲ့ အတွက် ခက်ခဲနေတယ်လို့ဆိုပါတယ်။

အာဏာသိမ်း နှစ်ကျော်ကာလအတွင်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်၊ ဖာပွန်မြို့နယ်နဲ့ သံတောင်မြို့နယ် ဘက်တွေမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တွေ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်၊