ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်ရဲ့ ဥက္ကဌဟောင်းဦးကျော်စောနိုင် (ခ) ဦးအဲပြားကို အကြမ်းဖက် စစ်အုပ်စုတပ်က ဇွန် ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဦးကျော်စောနိုင် (ခ) ဦးအဲပြားကို ရပ်ကွက်အတွင်းက အမှတ် (၁၁) စာသင်ကျောင်းရဲ့ အုတ်တံတိုင်းမှာ စစ်ကျွန်ပညာရေး အလိုမရှိဆိုတဲ့စာတမ်း ရေးသားရာမှာ ပါဝင်တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုကို အတိုင်ခံခဲ့ရတာကြောင့် ဖမ်းဆီးခံရတာလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
” ကျနော်ကြားတာကတော့ တိုင်တဲ့လူရှိလို့ ဖမ်းတာလို့ကြားတယ်။ ကျနော်တို့ရပ်ကွက်ထဲက အမှတ် (၁၁) စာသင်ကျောင်း မြောက်ဖက် အုတ်တံတိုင်းမှာ စစ်ကျွန်ပညာ အလိုမရှိ ဆိုတဲ့စာတမ်းရေးရာမှာသူပါတယ် ဆိုပြီးဖမ်းသွားတာလို့ပြောတယ်။ သူ့ကိုမလိုတဲ့သူတစ်ယောက်ယောက်ကတိုင်တာဖြစ်မယ်။ ရေးတဲ့ထဲ သူမပါပါဘူး။” လို့ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
ဦးစောကျော်နိုင်ကို ဖမ်းဆီးမူမှာ စစ်ကောင်စီရဲ့မီဒီယာတစ်ခုဖြစ်တဲ့ fifty two က ရပ်ကွက်ရုံးချိတ်ပိတ်မူ၊ ဆူပူအောင်လှုံဆော်မှုတွေနဲ့ဖမ်းတယ်လို့ဖော်ပြထားပြီး ရပ်ကွက်သူ၊ရပ်ကွက်သားတွေကတော့ ရပ်ကွက်ရုံးပိတ်တာနဲ့ဆူပူအောင်လှုံဆော်တာမလုပ်ခဲ့ဘူးလို့ဆိုပါတယ်။
” ရပ်ကွက်ရုံးပိတ်ထားတာက တစ်နှစ်ကျော်နေပြီဗျာ။ ဘာဆူပူအောင်လှုံဆော်တာမှမရှိဘူး။ မလိုတဲ့သူကတိုင်တာရော၊ သူတို့ကဖမ်းချင်တာရော၊ NLD အစိုးရခေတ်မှာ ရပ်ကွက်ဥက္ကဌ ဖြစ်တာ နေမှာပေါ့။ ” လို့ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
ဦးကျော်စောနိုင်ဟာ NLD အစိုးရလက်ထက်က ရပ်ကွက်ဥက္ကဌ လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူဟာ အမှတ်(၁၁) စာသင်ကျောင်းရဲ့ CDMဆရာမတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။