ထင်ကြေးနဲ့ ဖမ်းဆီးခံရတဲ့ ဖောင်းပြင်ဒေသခံ ၇ ဦး စစ်ကြောရေးမှာ ကျဆုံးခဲ့ပြီလို့ သတင်းထွက်ပေါ်

ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊အောက်တောင်းရွာသား ၇ ဦး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးစခန်းမှာ ကျဆုံးသွားပြီလို့ သတင်းထွက်ပေါ်လာကြောင်း ဖောင်းပြင် PDF က ဆိုပါတယ်။
အောက်တောင်းရွာရဲကင်းစခန်းကို ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဖောင်းပြင် PDF က ဝင်ရောက်စီးနင်းပြီးနောက် အောက်တောင်းရွာသား ၉ ဦးကို ဖမ်းဆီးကာ ဖောင်းပြင်အခြေစိုက်တပ်ရင်းမှာ ချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဲဒီ ၉ ဦး အနက်ဦးတင်မောင်တို့မြေးအဘိုး ၂ ဦးကို
ပုဒ်မ၅၀၅(က) နဲ့တရားစွဲကာ ထောင်ဒဏ် (၂) နှစ်စီပြစ်ဒဏ်ပေးခဲ့ကာ ကျန် ၇ ဦးမှာ သတင်းအစအနမကြားရကြောင်း သိရပါတယ်။
ဖမ်းဆီးကာလ ၄ လကြာပြီးနောက် ပျောက်ဆုံး ၇ ဦးဟာ မေလကတည်းက စစ်တပ်စစ်ကြောရေးမှာ ကျဆုံးခဲ့ပြီလို့ သတင်းထွက်ပေါ်လာပေမဲ့ ကျန်ရစ်သူမိသားစုတွေထံ အလောင်းလာယူခိုင်းခြင်းမျိုးနဲ့ တစ်စုံတစ်ရာဆက်သွယ် အကြောင်းကြားမျိုးမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အောက်တောင်းရွာရဲကင်းစခန်းကို ဝင်ရောက်စီးနင်းစဉ်က စစ်ဆင်ရေး သတင်းပေါက်ကြားသွားမှာစိုးတာကြောင့် ဖောင်းပြင် PDF အနေနဲ့ အောက်တောင်းရွာသားတစ်ဦးတစ်ယောက်ကိုမှ ကြိုတင်အသိပေးအကြောင်းကြားခြင်း၊ မြေပြင်အခြေအနေကို ပူးတွဲလေ့လာခြင်း မလုပ်ဆောင်ခဲ့ဘူးလို့ဆိုပါတယ်။
ရဲကင်းစခန်းဝင်စီးရာမှာ အောက်တောင်းရွာသားတွေမပါဘဲ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ စစ်တပ်က ဦးသိန်းလွင်နဲ့ ဦးမိုးအောင် အပါအဝင် ရွာသား ၉ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖောင်းပြင် PDF က ထုတ်ပြန်ပါတယ်။