ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပြောင်းရွှေ့ခြင်းအပေါ် NLD ကန့်ကွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ ထားရှိခြင်းဟာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ်တစုံတစ်ရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတယ်လို့ သုံးသပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့ဆောင်ထားရှိခြင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇွန်၂၇ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ရာအဲဒီလိုဖော်ပြထားပါတယ်။

တခြားအကျဉ်းထောင်တွေနည်းတူ နေပြည်တော်အချုပ်ထောင်မှာလည်း သောက်သုံးရေသန့်ရှင်းမှု မရှိခြင်း၊ မှက်၊ ခြင်၊ ယင်ပေါများခြင်း၊ မိလ္လာကိစ္စအခက်တွေ့နိုင်ခြင်း၊ လေကောင်း‌‌လေသန့်မရရှိခြင်း၊ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးဖို့လိုအပ်ခြင်း၊ အစားအသောက်ထားသိုဖို့မရှိခြင်း၊ လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက် ကျွေးမွေးမှုမရရှိခြင်း စတာတွေခံစားရမယ့်အပြင် သီးသန့်နေရာတခုမှာ ထားရှိတဲ့အတွက် အရေးပေါ် ကျန်းမာရေးကိစ္စတွေ ပေါ်ပေါက်ပါက အချိန်မီကုသဖို့ ခက်ခဲခြင်းတို့ ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အမှီအခိုနဲ့ နေထိုင်သင့်တဲ့ အသက်အရွယ်ကို ရောက်ရှိနေ‌တဲ့လူထုခေါင်းဆောင်ကို  အချုပ်ထောင်အတွင်း ရင်ဆိုင်ကြုံ‌တွေ့ နေရမယ့်ဆုတ်ယုတ်‌ဆိုးဝါး‌တဲ့အခြေအနေတွေကနေ အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်စေရေး အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊မိတ်ဖက်သံတမန်တွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့လည်း တောင်းဆို ထားပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ (၂၁)ရက်နေ့က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ  စစ်‌အုပ်စုက ပို့ဆောင်လိုက်ခြင်းဟာ  မြန်မာ့သမိုင်းမှာ သာမက နိုင်ငံတကာမျက်နှာစာမှာ အမည်းစက်စွန်းထင်စေမယ့်  ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

နိုင်ငံခေါင်းဆောင်ကို  အခုလို အချုပ်ထောင်တခုအတွင်း ပြောင်းရွှေ့လိုက်တဲ့ မတရားလုပ်ရပ်အပေါ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။