ကေအဲန်ယူ ညောင်လေးပင်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ ၂ရက်တာတိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင်အကြမ်းဖက်စစ်သား၁၉ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)ကဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
ဇွန်လ၂၅ရက်နဲ့ ၂၆ရက်တို့မှာ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က တစ်ဦးမျှ ထိခိုက်မှုမရှိကြောင်းသိရပါတယ်။
ဇွန်လ ၂၆ ရက်၊မနက် ၇ နာရီ လောက်မှာ ကျောက်ကြီးမြို့နယ်၊နရွဲပင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကြား အကြမ်းဖက် စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား၃ဦးသေဆုံးခဲ့ပါတယ်။
ဇွန်လ၂၅ရက်နေ့၊ မနက်၇နာရီလောက်ကလည်း ငဗြက်အင်းနှင့် အင်းနက်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့စစ်တပ်ခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင်(၁၄)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)ကထုတ်ပြန်ပါတယ်။
ဇွန်လ၂၅ရက်နေ့၊ ညနေ(၅)နာရီလောက်မှာ လည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာအရှေ့ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။