ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ အင်းနက်ကျေးရွာ အုပ်စုတွင်းကို အကြမ်းဖက် စစ်အုပ်စုတပ်တွေဟာမနေ့ကဇွန်လ ၂၅ ရက်မှာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံးရေ (၄၀)ကျော်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပိုင်း ပစ်ခတ်တဲ့ လက်နက်ကြီးအလုံးရေကို အတိအကျမသိရှိသေးပါဘူး။
အဆိုပါပစ်ခတ်မှုကို ခလရ-၆၀၊ ခမရ-၄၃၉၊ ခမရ-၃၅၁ ပူးပေါင်းတပ်တို့မှ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဇေယျာလင်း ဦးဆောင်ပြီး ဆိပ်ကြီးနဲ့ ညောင်ကုန်းရွာမှာ စခန်းချကာ အင်းနက်ကျေးရွာအုပ်စုထဲကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ပြည်သူ(၅)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဆေးဝါးကုသမှု ပေးလျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် နေအိမ်တွေ၊ ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးမှုရှိပြီး ပျက်စီးမှုအရေအတွက်ကိုလည်း အတည်ပြုလို့မရသေးဘူးလို့ ဆိုပါတယ်။
မွန်းလွဲ ၂ နာရီကျော်မှာလည်း စစ်ကောင်စီတပ်ဘက်က လူအင်အားအပြည့်နဲ့ ကားလေးစီးရောက်ရှိလာပြီး နတ်သံကွင်းမြို့မှာတစ်စီး၊ တံခွန်တိုင်ထိပ်မှာသုံးစီး ချထားခဲ့ကာ အဲ့ဒီနောက် ဘိုကဒေါအင်းဘက်ကို ဆက်သွားပြီး ရန်မျိုးအောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ကေအဲန်ယူထိန်းချုပ်နယ် ခလယ်လွီထူခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့အတွင်းရှိ ကျေးရွာခြောက်ရွာက ဒေသခံပြည်သူဦးရေ စုစုပေါင်း(၃၄၇၂)ဦးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။