ယုဇနဥယျာဥ်မြို့တော်က တိုက်ခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ် တစ်ဦးသေ၊ တစ်ဦးဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်၊A-လမ်း အောက်ဘောက်က တိုက် ၁၆မှာ ဇွန် ၂၆ရက် ညနေ ၆နာရီမိနစ်၅၀လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ကာ၊တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဖမ်းခံရတဲ့သူဟာ ရပ်ကွက်ကလူတွေဝိုင်းဖမ်းပြီး ရဲလက်ကိုအပ်ခဲ့တာ​လို့ ဒေသခံတွေကပြောပါတယ်။
“အုံးကနဲဆို ပေါက်ကွဲပြီးတော့ ကောင်လေးတစ်ယောက်ကပြေးထွက်လာတာ။အဲ့ဒါကို လမ်းထိပ်မှာရှိနေတဲ့လူတွေက ဝိုင်းဖမ်းကြတာ။ကောင်လေးသနားပါတယ်။သူကို့ သတ်လိုက်ပါဆိုပြီး အော်ပြောတာ။ကျွန်မတို့လည်း မကြည့်ရက်ဘူး။စိတ်ထဲလည်း မကောင်းဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက DNAကိုပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူဟာ သာကေတမြို့နယ်နေထိုင်သူ အောင်အောင်ဆိုသူဖြစ်ပြီး သေဆုံးသူကိုသိရှိနိုင်ဖို့ အကြမ်းဖက်စစ်တပ်ဘက်က နေအိမ်ပိုင်ရှင်ကတဆင့်စုံစမ်းတာတွေလုပ်နိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“အိမ်ထဲကိုစစ်တပ်ကဝင်ရှာတယ်။အိမ်ပိုင်ရှင်ဆီကနေ တဆင့်သူတို့စုံစမ်းမှာပေါ့။ဘယ်သူ၊ဘယ်ဝါဆိုတာ။အခုတောင် ရပ်ကွက်ထဲဧည့်စာရင်းစစ်မယ်လို့ကြားနေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတဆင့် စပ်ဆက်သူတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးနိုင်ဖို့အတွက် အပူတပြင်းရှာဖွေမှုတွေလုပ်နေတယ်လို့ မြို့နယ်အလိုက် သတင်းထုတ်ပြန်ပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပုံစာ- ယုဇနဥယျာဥ်မြို့တော်မှ လူနေတိုက်ခန်းများအားတွေ့ရစဥ်