တမူးမှာ တိုက်ပွဲကြောင့် လူအသွားအလာ ရှင်းလင်းနေ

ဇွန်လ ၂၄ ရက်နေ့ မနေ့က ညနေ ၃ နာရီလောက်က စပြီး တမူးမြို့မှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်မယ်ဆိုတာတော့ သတင်းတွေအရသိတယ် ၊ တပ်ကုန်းဘက်ကိုဆို မသွားကြဘူး ။ စခတွေဘက်က မာရှယ်လောထုတ်ထားတာ ပြီးခဲ့တဲ့ရက်တွေကတည်းက ၊ လူတွေလည်း ရှင်းလင်းနေတာ နှစ်ရက်သုံးရက်ရှိပြီ၊ လက်နက်ကြီးသံတွေကြားရတာတော့ အချိန်အတော်ကြာတယ်ဗျ”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သတ်လို့ People Defence Force Tamu တပ်ရင်း(၄)က ထုတ်ပြန်ခဲ့ပြီး နန်းမွန်းတားရွာကနေ တမူးမြို့ထဲကို ဝင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့ပေမယ့် မိမိတို့ဘက်က ပြန်လည်ခုခံမှုတွေ လုပ်နိုင်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ် ၊ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမယ့် မိမိတို့ဘက်ကတော့ ဘေးမသီရန်မခ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
တိုက်ပွဲတွေဟာ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် မြို့သူမြို့သားတွေ အနေနဲ့လည်း မြို့ပြင် နဲ့ မြို့ရှောင်လမ်းတွေကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းပြန်လည် မထုတ်ပြန်မချင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။