ရေစကြို၊ တောင်ဦးရွာသားတစ်ဦး စစ်တပ်ပစ်တဲ့ကျည်ထိပြီး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးရွာသားတစ်ဦး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ကျည် ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။
တောင်ဦးရွာကို ဇွန် ၂၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တောင်ဦးရွာ၊ရွာမ အနောက်ပိုင်းနေ ကိုထွန်းသန်း(အသက်၄၀)မှာ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ YSO D Day Newsက ဒီကနေ့ထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ်၊အမှတ်(၅)ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ‘စစ်တပ်ကဝင်လာပြီး ပစ်တာကျည်ထိသွားတာ။အကုန်လုံးလည်းပြေးကုန်ကြတော့ သူကိုယ်တိုင်ကလည်းကျည်ထိပြီး ဘယ်မှပြေးမရတော့ သွေးထွက်လွန်ပြီးသေတာ။စစ်တပ်က သေချင်သေဆိုပြီး ဒီအတိုင်းထိုင်ကြည့်နေတယ်လေ။ဆေးသွားကုခွင့်လည်းမပေးတော့ မသေသင့်ဘဲသေတာလို့ ရွာခံတစ်ယောက်ပြောပြတယ်’လို့ဆိုပါတယ်။
စစ်တပ်ဟာ တောင်ဦးကျေးရွာမှာ ညပိုင်းအထိ တပ်စွဲထားတာကြောင့်ရွာသူရွာသားတွေ ရွာမပြန်ရဲကြဘဲ တိမ်းရှောင်နေကြရသေးကြောင်းသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်မှာ တပ်အင်အား ထပ်မံဖြည့်နေတယ်လို့ YSO D Day News က ဆိုပါတယ်။