တပတ်တာ နွေဦး ပုံရိပ်လွှာ 

နွေဦး သည်တပတ် နေမကောင်းပါ…။ ဤသီတင်းပတ်အဖို့တော့ သူ့မှာ သီတင်းဆိုးတွေများ၏။ နွေဦး၏ အောင်မြင်မှုများကိုသာ သိလိုပြီး သူ၏ လှုပ်ရှားရုန်းကန်ရခြင်း၊ စွန့်လွှတ်ပေးဆပ်ရခြင်းတို့ကို မသိ၊ မကြားလိုပါက ဤသီတင်းပတ်အတွက် နွေဦးကို ဆက်သွယ်ရန်မလိုပေ…။

လတ်လတ်ဆတ်ဆတ် နာကျင်ဖွယ်ဒဏ်ရာတွေကများတော့ ဘယ်ကစရမလဲကိုပင် ရွေးရခက်လှသည်။ တနှစ်ခွဲအတွင်း အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သူ ၂၀၀၀ ပြည့်သွားသည့်အကြောင်း၊ ပွင့်ဖြူတွင် အသားစိုင်တွေ ဖြစ်သွားရသည့် ရဲဘော်တွေ၊ မြို့ပြပြောက်ကျားတို့၏ သတင်းဆိုးတွေ၊ ကွန်ကရစ်မြို့တော်က အကျဉ်းထောင်ထဲ အထီးကျန်နေရတော့မည့် နိုဘယ်ဆုရှင်..။ ဒဏ်ရာဗလပွနှင့်နွေဦး..။

မြေပြင်ထက် ပုံမကျပန်းမကျ လဲလျောင်းနေကြသည့် ပြည်သူ့ရင်သွေး သူရဲကောင်းများအကြောင်း အရင်ဆုံးပြောကြရအောင်ပါ..။ တချို့ကမှောက်ခုံ၊ တချို့က ပက်လက်၊ တချို့ကတော့ ခန္ဓာတဝက်တပျက်သာ ကျန်တော့သည့် နွေဦးရဲဘော်များ..။

နွေဦးကိုကျောခိုင်းခဲ့ရခြင်းအတွက် သူတို့လိပ်ပြာလုံကြပါလေစ..။ ခရီးအဆုံးအထိ အတူလျှောက်လိုသူ တွေမဟုတ်လား..။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် လက်နက်ခဲယမ်း သွားရောက်သယ်ဆောင်သည့် ခရီးက ထိုနွေဦးရဲဘော်တို့၏ နောက်ဆုံးခရီးဖြစ်ခဲ့ရသည်။ သတင်းများအရ အကြမ်းဖက်စစ်တပ်က PDF များလိုက်ပါလာသည့်ကားဟု သိနေပုံရပြီး စောင့်ကြိုတိုက်ခိုက်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံသူတို့မှာ သရက်-ကံမဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်၏။ သတင်းများတွင် ပါရှိပြီးဖြစ်သဖြင့် အသေးစိတ်ကိုမဖော်ပြလိုတော့..။ စစ်ကောင်စီလော်ဘီများ ဖြန့်ဝေသည့် ယင်းဖြစ်စဉ်မှတ်တမ်းတွင် ရုပ်အလောင်းများ အနီးတွင် စကစတို့ရှင်လျက်သား ဖမ်းဆီးထားသူတွေကိုလည်း တွေ့ရသည်။

ယင်းဖြစ်စဉ်တွင် PDF ၁၂ ဦး သေဆုံးခဲ့ပြီး သုံးဦးဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် သွားရောက်သယ်ဆောင်ခဲ့သည့် လက်နက်များလည်း ဆုံးရှုံးခဲ့ရာ ပေါက်ကြားလာသည့် ရဲကြေးနန်းအရ လက်နက်ငယ် ၂၅ လက်တွင် ၁၉ လက်ပျက်စီးကာ ၄၀မမ ဗုံးပစ်လောင်ချာတလက်ကိုလည်း ပျက်စီးနေသည့် အနေအထားနှင့် ရရှိခဲ့သည်ဟုဆိုသည်။

အဆိုးထဲကအကောင်းမှာ ယင်းဖြစ်စဉ်တွင် တိုက်ခိုက်ခံရသည့် ယာဉ်ပေါ်လိုက်ပါလာသည့် PDF ၁၄ ဦး လွတ်မြောက်သွားခဲ့ခြင်းပင်..။ လက်ရှိတွင် ၎င်းတို့အားလုံး ဘေးကင်းသည့် နယ်မြေသို့ရောက်ရှိနေပြီဟု ဒေသတွင်းသတင်းများက ဖော်ပြသည်။

ဖြစ်စဉ်အပြီး မကြာမီမှာပင် ယင်းတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် စစ်ကောင်စီလက်ပါးစေ ဗိုလ်မှူးမင်းပိုင်စိုး၏ အချက်အလက်များ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာခဲ့သည်။ ထို့နောက် ပျံ့နှံ့လာပြီးနောက် ၎င်း၏မိသားစုဝင်များပင် နေထိုင်ရာဒေသမှ ရွှေ့ပြောင်းခြင်းလည်း ရှိသည်ဟုဆိုသည်။

ပွင့်ဖြူဖြစ်စဉ်က နွေဦးပြည်သူတွေအဖို့ မနက်အိပ်ရာထချိန် မျက်နှာသစ်ရစရာ သတင်းဆိုးဖြစ်ခဲ့သည်။ စစ်ကောင်စီဘက်တော်သားများ အောင်ပွဲခံကြ၏။ မမြင်ရက်စရာ ပြည်သူ့ရင်သွေးတို့၏ မြင်ကွင်းကို ဖြန့်ဝေကြသည်။

လမ်းပေါ်က သပိတ်ကာလတွေလို မဟုတ်တော့သည့် လက်နက်ကိုင်စစ်ပွဲသည် ဗုံလုံတလှည့် ငါးပျံတလှည့်..။ မွန်းလွဲပိုင်းရောက်သောအခါ စစ်ကောင်စီအလိုတော်ရှိတို့ ငိုပွဲဆင်ကြရပြန်သည်။ မကွေးအရပ်ကို စွန့်ခွာ၍ ဇေယျာရွှေမြေ စစ်ကိုင်းဆီသို့ ကူးကြရအောင်ပါ..။

သည်တခါ faw ကားပေါ်လိုက်ပါလာပြီး တံတားတစင်းအနီး တိုက်ခိုက်ခံရသူတွေက စကစလက်ပါးစေများဖြစ်သည်။ လွတ်မြောက်သူမရှိ ယာဉ်ပေါ်လိုက်ပါသူအားလုံး လားပင်စင် ခံစားခွင့်ရကြကုန်၏။ ရဲမှူးတဦး အပါအဝင် စကစလက်ပါးစေ ရဲ ၁၄ ဦး သေဆုံးခဲ့ပြီး လက်နက် ၁၀ လက်ကိုလည်း ဒေသတွင်း PDF များက ရရှိခဲ့သည်။

ဤတိုက်ပွဲနှင့်ဆက်စပ်၍ ခင်ဦးသားတို့ လက်စွမ်းပြခဲ့သော သီးခြားတိုက်ခိုက်မှုလည်း ရှိသေးသည်။ ရဲ ၁၄ ဦး သေဆုံးသည်အထိ တိုက်ခိုက်ခံရသော အရပ်သို့ စစ်ချီလာသော အင်အား ၅၀ ပါ စကစစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးအထက် ထပ်မံသေဆုံးနိုင်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

ကလေး၊ တမူးသားတို့ကလည်း ပွင့်ဖြူအတွက် သွေးကြေးဆိုသည့် စစ်ဆင်ရေးများကို အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့ကြသည်။သို့သော် ပွင့်ဖြူက ပွင့်ဖြူ၊ ခင်ဦးက ခင်ဦး၊ တမူးက တမူး သာဖြစ်၏။ အကြမ်းဖက် လက်ပါးစေ တစ်ထောင်သေဆုံးခြင်းနှင့် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခြင်းကိုပင် နွေဦးဘက်တော်သားတို့ မလဲနိုင်ကြ…။

ဖြစ်နိုင်လျှင် မိမိဘက်မှ အထိအခိုက် အကျအဆုံးမရှိ၊ ရန်သူအားလုံးကျဆုံးဆိုသည့် သတင်းများကိုသာ မြင်တွေ့လိုကြမည်ဖြစ်သည်။ သို့သော် မအေးအေးဝင်းစီစဉ်သော ရုပ်ရှင်မဟုတ်သည့် လက်တွေ့ဘ၀ တော်လှန်ရေး စစ်မြေပြင်မှာတော့ စွန့်လွှတ်ပေးဆပ်မှုတွေနှင့်သာ ပန်းတိုင်ရောက်နိုင်ပါလိမ့်မည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် သက်ဆိုင်သည့် အခြားသတင်းတရပ်ကတော့ စကစတို့၏ ထုံးစံအတိုင်း အရပ်သားပြည်သူတို့အပေါ် ရှုံးမဲမဲသည့် လုပ်ရပ်များဖြစ်သည်။ ပြည်သူ့ရဲဘော်တွေ အောင်ပွဲဆင်သည့်အခါ ရပ်ဝေးနေသူတို့ လက်ခမောင်းခတ်နိုင်သော်လည်း ဖြစ်စဉ်အနီးနေထိုင်ရာ ပြည်သူတို့အတွက်တော့ ငရဲခန်းဖိတ်ခေါ်သံလည်း ဖြစ်နေပြန်ပါသည်။

ရဲ ၁၄ ဦးသေဆုံးသည့် တိုက်ခိုက်မှုဖြစ်ပွားနောက် စကစတို့က ဖြစ်စဉ်ဖြစ်ပွားသည့်အနီးရှိ ခင်ဦးမြို့နယ် ဗအိုးကျေးရွာတွင် ဝင်ရောက်တပ်စွဲကာ ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု လူငယ့်ခေတ် သတင်းဌာနကဖော်ပြသည်။

စကစစစ်ကြောင်းက လက်နက်ကြီးအချက် သုံးဆယ်ခန့် ရမ်းသမ်းပစ်ခတ်၍ ကျေးရွာအတွင်းသို့ နံနက်အစောပိုင်းအချိန် ဝင်ရောက်လာကာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ် ၃၀ ခန့်အပါအဝင် လူ ၅၀ ကျော်ကို ဖမ်းဆီးထားသည်ဟု သတင်းကဆိုသည်။

အလားတူ ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာတွင်လည်း စကစလက်ပါးစေတို့က ကျေးရွာအတွင်း စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။ အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့သည့်အပြင် ရွာအတွင်း ပိတ်မိကျန်ရစ်နေခဲ့သူ ငါးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

နွေဦးရပ်ဝန်းဆီ ပျံ့လွင်လာသော အောင်ပွဲများနောက်ကွယ်တွင် ပြည်သူ့ရဲ့ဘော်တို့၏ အသက်သွေး ချွေးများနှင့်အတူ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရခြင်းများလည်း ရှိနေသည်ကို ညွှန်ပြနေသည့် ဖြစ်ရပ်များ…။

အကြမ်းဖက်စစ်တပ်သည် လက်နက်ကိုင်တော်လှန်သူနှင့် အရပ်သားပြည်သူဟူ၍ မခွဲခြား၊ စစ်တပ်မထောက်ခံသူ ဒို့ရန်သူဟူ၍ စိတ်တိုင်းကျ သတ်ဖြတ်ရာတွင်တော့ တောင်တန်းပြည်မ ခွဲခြားမှုမရှိပေ။ မည်မျှအထိ မခွဲခြားဟုဆိုသော် စစ်ဘေးရှောင်များအား ဒုက္ခပေးသည့်နေရာတွင်ပင် တန်းတူအခွင့်အရေးနှင့်ဖြစ်သည်။

ဝက်လက်မြို့နယ်ကလာသည့် သတင်းတရပ်ကိုကြည့်သော် ဤဆိုလိုရင်းကို ပိုမိုသဘောပေါက်သွားမည်ဖြစ်သည်။ သတင်းခေါင်းစဉ်က “စစ်ဘေးရှောင်တို့၏ ယာယီတဲများကို စစ်တပ်ကမီးရှို့” ဟူ၍ဖြစ်သည်။ ရွာမီးရှို့ခံရပြီးနောက် တောစပ်တွင် တဲထိုးတိမ်းရှောင်နေသူများ၏ ယာယီတဲများကို စစ်တပ်က ထပ်မံမီးရှို့ခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

ရွှေဘိုနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများမှ ပြည်သူများက စစ်ကောင်စီ၏ လက်မရွံ့ လူသတ်မီးရှို့သူများရန်မှ တိမ်းရှောင်ရန် တောစပ်များ၌ ယာယီတဲများဖြင့် နေထိုင်ကြရ၏။ သို့သော် စစ်ကောင်စီ လက်ပါးစေများသည် ကျေးရွာများအား မီးလောင်တိုက်သွင်းရရုံဖြင့်အားမရ။

အနှီ ယာယီတဲများကိုပင် လိုက်လံမီးရှို့ဖျက်ဆီးကြလေသည်။ ထို့ပြင် မထင်သလို ရမ်းသမ်းပစ်ခတ်မှုတွေလည်း လုပ်တတ်ကြပြန်ရာ စစ်ဘေးရှောင်ရင်း ဘဝပြောင်းကြရသူတွေလည်း ရှိသည်။

ဤသို့ ရန်သူဟု အကြမ်းဖက်စစ်တပ်က စွပ်စွဲသတ်ဖြတ်ခဲ့ပြီးနောက် တစ်နှစ်ခွဲအကြာတွင် သတ်ဖြတ်ခံရသူ ၂၀၀၀ အထိရှိလာပြီဖြစ်သည်။ယင်းအတွက် ဝမ်းနည်းမှု ပြယုဂ်အဖြစ် အမေရိကန်သံရုံးအပါအဝင် နိုင်ငံတကာ သံရုံးအချို့က ၎င်းတို့၏ facebook profile ဓာတ်ပုံကို အမည်းရောင်အဖြစ် ပြောင်းလဲထားရှိခဲ့ကြသည်။

လက်တွေ့မြေပြင်တွင် မမြသွဲ့သွဲ့ခိုင်မှစတင်ကာ လက်ရှိအထိ နိုင်ငံတဝန်း စစ်တပ်က သတ်ဖြတ်သည့် အရေအတွက်မှာ ၂၀၀၀ ဆိုသည့် ပမာဏထက် ပိုမိုများပြားနေနိုင်ပါသည်။

ကျေးလက်တိုက်ပွဲများဆီက ပြည်သူ့ရဲဘော်များ၏ အောင်ပွဲ၊ ဆုံးရှုံးမှုတို့ကို နားစွင့်ကြရသလို မြို့ပြေပျောက်ကြား ရဲဘော်တို့ကိုလည်း မမေ့အပ်ပေ။ အကြပ်အတည်းများကြား အရှိန်အဟုန်မပျက် စီးဆင်းနေဆဲ မြို့ပြပျောက်ကြား တိုက်ပွဲတွင်လည်း ထိခိုက်ကျဆုံးမှုတွေရှိ၏။

မုံရွာတွင် စစ်ကောင်စီခန့် ခရိုင်အုပ်ချုပ်ရေးမှူး လုပ်ကြံခံရသည့်သတင်းနှင့်အတူ ပြောက်ကျားခေါင်းဆောင်တဦး ကျဆုံးခြင်း၊ လှိုင်သာယာတွင် ဒလန်ရှင်းရန် ကြိုးပမ်းစဉ် ဆိုင်ကယ်ဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် ပျောက်ကြားရဲဘော်နှစ်ဦး၏ အဖြစ်၊ မန္တလေးတွင် ရှော့တိုက်ဒုန်းနှင့်အတူ ဖမ်းဆီးခံရသည့် ပျောက်ကြားရဲဘော် တစ်ဦးတို့၏ ဖြစ်စဉ်များက မြို့ပြပြောက်ကြားတို့၏ အခက်အခဲကို မြင်သာစေသည်။

အကြမ်းဖက်တို့လက်အောက်၌ ပုံမှန်ဘဝကို ဖြတ်သန်းနေကြသူတွေကြား တိတ်တဆိတ် စွန့်စားနေရသော မြို့ပြရဲဘော်များ..။ နွေဦးဘက်တော်သားများအဖို့တော့ မြို့ပြပြောက်ကြားဖြစ်စေ၊ ကျေးလက်က ရဲဘော်တွေဖြစ်စေ ပြည်သူ့ရင်သွေး သူရဲကောင်းတွေချည်းသာ…။ တဦးကို ထိခိုက်နာကျင်စေတိုင်း လက်သည်းဆိတ် လက်ထိပ်နာကြရစမြဲ….။