ဥရောပသမဂ္ဂက ယူကရိန်းကို အီးယူအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်

Photo – AP

ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ ကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံရဲ့ခေါင်းဆောင်တွေက ယူကရိန်းကို အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနေရာပေးအပ်ဖို့ လိုအပ်တဲ့သဘောတူညီချက်ကို ဇွန်လ ၂၃ရက်မှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

ရုရှားရဲ့သြဇာလွှမ်းမိုးမှုကနေ ဝေးကွာအောင်ဆွဲထုတ်ပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် ချည်နှောင်ထားဖို့အတွက် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့်လမ်းကြောင်းပေါ်မှာ ယူကရိန်းနိုင်ငံကို ထားရှိဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းသမ္မတ ဇေလန်းစကီးက ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပြီး “ယူကရိန်းရဲ့ အနာဂတ်ဟာ အီးယူမှာ  ရှိနေတယ်”  လို့  ပြောခဲ့ပါတယ်။ 

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကလည်း  “ဒါဟာ ဥရောပအတွက် ကောင်းမွန်တဲ့နေ့လေးဖြစ်တယ်” လို့ ကြေငြာခဲ့ပြီး ရုရှားဘက်ကတော့ ချက်ချင်းတုံ့ပြန်တာမရှိခဲ့ပါတယ္။ 

ယူကရိန်းဟာ ဖေဖော်ဝါရီ ၂၄ ရက် ရုရှားရဲ့ကျူးကျော်ဝင်ရောက်တာခံရပြီး တစ်ပတ်မပြည့်မီမှာ အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၃ရက်က ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ အီးယူအတွက် ထူးထူးခြားခြား မြန်ဆန်ခဲ့တယ်လို့ သိရပါတယ်။

အီးယူဟာ ယူကရိန်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ တခြားဆိုဗီယက်သမ္မတနိုင်ငံငယ်လေးဖြစ်တဲ့ မော်လ်ဒိုဗာကိုလည်း အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းအဖြစ် အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။