ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပြောင်းရွှေ့မှု HRW ဝေဖန်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်၂၂ရက်နေ့က နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းရွှေ့လိုက် တာဟာ နိုင်ငံရေးအတိုက်အခံတွေအပေါ် ခြိမ်းခြောက်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။
ဒီလုပ်ရပ်ကြောင့် စစ်အုပ်စုကို ဆန့်ကျင်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း HRW အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။
အဲဒီလိုထောင်ထဲ ပြောင်းရွှေ့လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာအရ ပြိုလဲသွားအောင် တိုက်စစ်ဆင်ဖို့ ကြိုးစားနေတာလို့သူကပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိ သ Stéphane Dujarric ကလည်း စစ်အုပ်စုရဲ့အဲဒီလုပ်ရပ်အပေါ် အလွန်စိုးရိမ်မိကြောင်းဇွန်၂၃ရက်နေ့၊နယူးယောက်ကုလရုံးချုပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလို့ VOA ကဖော်ပြပါတယ်။
‘အခုနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ အလွန်ပဲစိုးရိမ်မိပါတယ်၊ သူသာမက သမ္မတနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်ပါ’ လို့ သူကပြောပါတယ်။
စစ်အုပ်စုကတော့ တရားရုံးက စီရင်ချက်ချပြီးဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ ထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်တွင်း အထူးတရားရုံးမှာ ပထမဆုံးအကြိမ် ကြားနာ စစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုထားသလို၊ အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။