ခရမ်းမှာတာဝန်ကျတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာ

ခရမ်းမြို့ အခုလပိုင်းအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း တာဝန်ကျနေတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတယ်လို့သိရပါတယ်။
ခရမ်းမြို့ တာဝန်ကျစစ်သားတွေဟာ WY၊ ဆေးခြောက်၊ မူးယစ်ဆေးဝါး၊ ဘိန်းနဲ့အရက် တို့ကိုတစ်နေ့ကို ပျမ်းမျှကျပ် နှစ်သိန်းဖိုးလောက် သုံးစွဲနေကြ ကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
“ဇွန်လအတွင်း ခရမ်းမြို့က စစ်သားတွေ မူးယစ်ဆေးဝါသုံးစွဲမှုများပြားလာပါတယ်။ အရင်တုန်းကလည်း သုံးတယ်။ WY၊ ဆေးခြောက်၊ မူးယစ်ဆေးဝါး၊ ဘိန်း အကုန်ပဲ။ တချို့စစ်သားတွေဆို အရူးတစ်ယောက်လိုတောင်ဖြစ်နေကြပြီ။တစ်ယောက်နဲ့တစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲမှုများပြီး ရူးကြောင်ကြောင်ဖြစ်ပြီး မကြာ မကြာ ရန်ဖြစ်ကြတယ်” ဟု စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောကြောင်း ခရမ်းချန်နယ်ကဖော်ပြပါတယ်။
နေ့စဉ် ခရမ်းပြည်သူတွေဆီကနေ မတရားတောင်းရမ်းရရှိတဲ့ငွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲကြခြင်းဖြစ်ကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။
‘အဓိကရတာကတော့ ကားတွေဆိုင်ကယ်တွေကို လိုင်စင်တွေဘာတွေအကြောင်းပြပြီးငွေညှစ်တာပါ။ပြီး တော့ သူတို့စောင့်တဲ့ ဂိတ်တွေမှာလည်း ကားတွေကို ငွေတောင်းကြတာ’လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလူ ငယ်တစ်ဦးကပြောပါတယ်။
အရင်ကခရမ်းမြို့နယ်အတွင်း တာဝန်ကျစစ်သား ၁၀၀ဝန်းကျင်ရှိပြီး အခုအခါ ၁၅၀ကျော်လောက်ရှိကြောင်း သူကပြောပါတယ်။
အရင်က ခရမ်းမြို့တာဝန်ကျစစ်သားတွေကို မကြာခဏဆိုသလို လူပြောင်းပေမဲ့ အခုအခါ တစ်လတစ်ခါ လောက်သာ လူအပြောင်းအလဲလုပ်တော့ကြောင်းသူကဆက်ပြောပါတယ်။