အာဆီယံအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပိုပြီးဖိအားပေးရလိမ့်မယ့် မဟုတ်ရင် သေကျေမှုတွေနဲ့ ဆင်းရဲ့ဒုက္ခတွေ ပိုများလာလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွန်အန်ဒရူးက ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းရေးကမောက်ကမအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စီးပွားရေးလည်း ကျဆင်းခဲ့ရပါတယ်။ အခုသီတင်းပတ်ထဲမှာပဲ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကို နေအိမ်အကျယ်ချုက်ကနေ နေပြည်တော်ထောင်ချုပ်ဆီကို ရွေ့ပြောင်းခဲ့ပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ပေမယ့် မြန်မာအာဏာသိမ်း စစ်အုပ်စုက လစ်လျှူရှုခဲ့ပါတယ်.
ဒါ့ကြောင့် “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အချိန်ဆွဲမယ်ဆိုမဘ် လူတွေအများကြီး ပိုသေမယ် ၊ လူတွေအများကြီး ပိုဒုက္ခရောက်လိမ့်မယ်”လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ မလေးရှားခရီးစဉ်အပြီးမှာ တွန်အမ်ဒရူးက ပြောပါတယ်။
အဲဒီခရီးစဉ်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ရှေ့တိုးဖို့ အကြံပြုခဲ့ပြီး သူ့ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ ဒေသတွင်း ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ တွန်အမ်ဒရူးက ဆိုပါတယ်။
အချို့အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်လို့ ပြောဆိုကြပေမယ့် အချို့ကတော့ ခိုင်ခိုင်မာမာရပ်တည်ဖို့ တွန့်ဆုတ်နေပုံပေါ်တယ်လို့ သုံးသပ်ကြပါတယ်။