ပုသိမ်ထောင်မှာ အကျဥ်းသားတွေ ဆန္ဒပြ

Photo- CJ
ပုသိမ်ထောင်မှာ ဇွန်လ ၂၂ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်းက နိုင်ငံရေး အကျဥ်းသားတွေနဲ့ အကျဥ်းသားတချို့ ပူးပေါင်း ပြီး ထောင်အာဏာပိုင်တွေကို ဆန္ဒပြခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“အရင်အတိုင်း ထောင်ဝင်စာ မရရင် အိပ်ဆောင်ပြန်မဝင်ဘူး လုပ်ချင်ရာလုပ်ဆိုပြီး ဆန္ဒပြကြတာ”လို့ သူကပြော ပါတယ်။
ထောင်အာဏာပိုင်အဖွဲ့က အကျဥ်းသားအားလုံးကို ထောင်ဝင်စာ အစားအသောက် ပို့တာမှာ ကန့်သတ် ချုပ်ချယ်လိုက်လို့ ဆန္ဒပြတာလို့ သိရပါတယ်။
အကျဥ်းထောင်ထဲ ထောင်ဝင်စာ အစားအသောက်ပို့တာကို အရင်က အကန့်အသတ် မရှိပေမယ့် ဒီနေ့ ဇွန်လ ၂၂ ရက်နေ့က စပြီး ၃ မျိုးသာ ပို့ခွင့်ကန့်သတ်လိုက်တာပါ။
ထောင်ဝင်စာပို့တဲ့ ပစ္စည်းအမျိုးအစားကို ရုတ်တရက် လျော့ချကန့်သတ်လိုက်လို့ အကျဥ်းသားတွေသာမက ရပ်နီးရပ်ဝေးက ထောင်ဝင်စာလာပို့တဲ့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေပါ အခက်အခဲဖြစ်ရတယ်လို့ ထောင်ဝင်စာပို့သူတဦးကလည်း ပြောပါတယ်။
“ထောင်ထမင်း ထောင်ဟင်းဆိုတာ သန့်ရှင်းမှုမရှိလို့ ထောင်ဝင်စာပို့တာကို အားပြုစားကြရတာ ၊ ပိတ်ပင်တားမြစ်တာ မလုပ်သင့်ဘူး”လို့ နိုင်ငံရေး အကျဥ်းသားဟောင်း တစ်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။
ထောင်ဝင်စာ ပို့သူတွေက ကန်သတ်ထားတဲ့ ဗမာဆေးရွက်ကြီး အမှုန့်တွေကို ပလပ်စတစ်နဲ့ထုပ်ပြီး ငံပြာရည်ချက်ဗူး ထဲထည့်ပြီး ထောင်တွင်းကို ပို့တာကြောင့် အပြစ်ပေးတာလို့ အကျဥ်းဦးစီးဌာနဘက် အသိုင်းအဝိုင်းက သတင်းထွက်ပါတယ်။
ပုသိမ်ထောင်အတွင်းကို ကန့်သတ်ပစ္စည်းတွေသွင်းရာမှာ ထောင်အရာရှိအချို့က လာဘ်ယူကာ စီးပွားဖြစ်လုပ်ပြီး ထောင်စည်းကမ်းချိုးဖောက်နေကြတာလို့ ပုသိမ်အကျဥ်းထောင်ကပြန်လည်လွတ်မြောက်လာသူတချို့က ပြောပါတယ်။