ZRA(EC) တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၀ ရက်မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်မှာ တီးတိန်မြို့နယ် ၊ ကျိန်းပီးကွတ်ကျေးရွာကို ဝင်ရောက်လာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ (CDM) ကျောင်းဆရာတစ်ဦး၊ ရဲတပ်သား တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို ရွာအပြင်ဘက် နှစ်ခြင်းသင်္ချိုင်းအနီးကို ဖမ်းဆီးခေါ်ဆောင်ပြီး ၃ နာရီကြာခန့် ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အသားထဲကလောက်ထွက်တဲ့ကောင်တွေပါပဲ။ CDMဝင်တဲ့ သုံးယောက်ကိုလည်း နင်တို့ကြောင့်ငါတို့ချင်းပြည်နယ်မငြိမ်းချမ်းတာဆိုပြီး ဖမ်းရိုက်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ အဲ့ဒီဖမ်းဆီးခံခဲ့ရတဲ့ CDM ကျောင်းဆရာမ အပါအဝင်သုံးဦးကို ပြန်လွှတ်ပြီး နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ZRA-EC အဖွဲ့ဟာ အရင်က အင်အား ၅၀လောက်သာရှိပေမယ့် လက်ရှိမှာ အင်အား ၂၀၀လောက်ရှိပြီး အကြမ်းဖက်စစ်တပ်က ထောက်ပံ့မှုတွေပေးထားတဲ့အဖွဲ့တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အစက အင်အား ၅၀ လောက်ပဲ။ အခု ၂၀၀လောက်ဖြစ်နေပြီ။ လက်နက်တွေကိုလည်း စကစကထောက်ပံ့ထားတယ်။ ကျနော်တို့ ချင်းထဲမှာ အရက်စွဲ၊မူးယစ်ဆေးစွဲနေတဲ့လူတွေ ဆွဲခေါ်ထားတာဗျ” လို့ တီးတိန်မြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။
၂၀၂၁ ခုနှစ် မေ ၂၂ ရက်မှာ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ZRA-EC က ဝင်ရောက်သိမ်းပိုက်ခဲ့သလို၂၀၂၁ခုနှစ် ဇွန် ၁၆ရက်မှာလည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး သေနတ်၊ ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းစုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ZRA-EC တပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာလည်း တီးတိန်မြို့နယ် အခြေစိုက် CDF-Hualngo တပ်စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၅ ရက်မှာလည်း PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူဖြစ်တဲ့ ဦးကျင်ရှန်းဆွမ်ကို တီးတိန်းမြို့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။