CDM ပြုလုပ်လာတဲ့ စစ်သည်တစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့စခန်းကို ရောက်ရှိ

စစ်အုပ်စုတပ် ရှေ့တန်းစခန်းမှ CDM ပြုလုပ်လာတဲ့ စစ်သည်တစ်ဦး လွတ်မြောက်နယ်မြေတစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့စခန်းကို ရောက်ရှိလာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ပါတယ်။
စစ်အုပ်စု လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦး ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့ စခန်းသို့ ဇွန်လ ၂၀ ရက်နေ့မှာ ရောက်ရှိ လာကြောင်းပြည်သူ့ပန်းတိုင်အဖွဲ့ကမနေ့က ဇွန်လ ၂၁ ရက်မှာကြေညာခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတပ်တွေအနေနဲ့ ထိခိုက်ကျဆုံးမှု များပြားနေသလို အရာရှိ/စစ်သည် တွေကြားမှာ သဘောထားကွဲလွဲမှုတွေ စည်းရုံးမှုတွေ ပျက်ပြားနေကြပြီး စစ်ဆင်ရေး ကာလ ကြာမြင့်တာနဲ့ ရှေ့တန်းစစ်ဆင်ရေး တပ်သားတွေအတွက် ရိက္ခာတွေ လုံလောက်စွာမရှိတာကြောင့် အခက်အခဲတွေ ဖြစ်နေကြ တယ်လို့ ၎င်းကပြောကြောင်းထည့်သွင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အခြေအနေတွေကြောင့်ရှေ့တန်းစခန်းတစ်နေရာမှာ ထိခိုက်ကျဆုံးသူတွေနဲ့ CDM ပြုလုပ်သွားတဲ့ စစ်သည် စုစုပေါင်း ၂၀ ကျော်ခန့်ရှိသည်ဟု သိရှိရပြီး၊ PDF တပ်ဖွဲ့တွေရဲ့ မိုင်းစစ်ဆင်ရေးဟာ စစ်အုပ်စုတပ် တွေအတွက် ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ကြောင်းလည်း မေးမြန်းသိရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်အုပ်စု အထက်ပိုင်းအရာရှိတွေအနေနဲ့ အောက်ခြေစစ်သားတွေကို လစာ/စရိတ်၊ မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး ချုပ်ကိုင်မှုတွေ ပိုမို လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီ တပ်ကို စွန့်ခွာချင်သူတွေ ရှိသော်လည်း အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် ထွက်မလာနိုင်တဲ့ စစ်သည် အများအပြားရှိနေသေး တယ်လို့ဆိုပါတယ်။
CDM ပြုလုပ်ကာ ပြည်သူနဲ့အတူရပ်တည်ချင်တဲ့ အရာရှိ/စစ်သည်တွေအနေနဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ Telegram https://t.me/CDMSOLDIERS ကို ချိတ်ဆက်မေးမြန်းပြီးလိုအပ်တဲ့ အကူအညီ ရယူနိုင်သလို CDM ပြုလုပ်တဲ့ တပ်မတော်သားတွေကို ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ် ကူညီထောက်ပံ့နိုင်ကြောင်း ဖော်ပြထားပါတယ်။