မနေ့က ဇွန်လ ၂၁ ရက်နေ့ ညနေက ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Press Secretary တာဝန်ယူထားတဲ့ ကိုနေဘုန်းလတ်က စစ်ကိုင်း နဲ့ မကွေးတိုင်းတွေရဲ့ မြောက်ပိုင်းဒေသတွေမှာ အဓိက လမ်းမကြီးတွေရဲ့ ၉၀ ရာနှူန်း ၊ ကျေးရွာ ၈၀ ရာနှူန်းကို PDF တွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။
“စစ်ကိုင်းတို့ ၊ မကွေးတို့မှာရှိတဲ့ အဓိကလမ်းမကြီးတွေရဲ့ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို PDF တပ်ဖွဲ့တွေက လုံခြုံရေးအရ စစ်ဆေးနေတဲ့ ပုံတွေကို မြင်ရမှာ ဖြစ်ပါတယ်” လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။
NUG ဘက်က အခုလို ပြောဆိုတာနဲ့ ပါတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမျိုးအမျိုး ဝေဖန်ပြောဆိုမှု ရှိနေပြီး ရွာတွေ မီးရှို့ခံနေရချိန် ၊ ဒေသခံလူငယ်တွေများစွာ ဖမ်းဆီးသတ်ဖြတ်ခံနေရချိန်မှာ အခုလို ပြောဆိုမှုက မြေပြင်အခြေအနေနဲ့ ကင်းကွာနေတယ်လို့ ရေးသားနေကြတာပါ ။
DNA က စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်နိုင်တဲ့အထိ အင်အားကောင်းနေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်က ဦးစီး ဗိုလ်နဂါးကို ဆက်သွယ်မေးမြန်းရာမှာ စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းကို ၁၀၀ ရာနှူန်း ရှုံးနိမ့်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။
“ဘယ်လောက်ရာနှူန်းအထိ စိုးမိုးတယ်ဆိုတာက သုံးသပ်တဲ့သူရဲ့ တယောက်ချင်းအပေါ်မှာလည်း မူတည်နိုင်ပါသေးတယ် ၊ သေချာတာကတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ ဟုတ်တယ် PDF တွေဟာ နေရာတိုင်းလောက်ကိုပဲ သွားလာလှုပ်ရှားနေနိုင်ကြပြီ ၊ ပြောရရင်တော့ ၉၀ ရာနှူန်းလောက်ကိုပဲ ကျွန်တော်တို့ ပိုင်တယ်မပိုင်ဘူးဆိုတာထက် ၊ စကစ က စစ်ကိုင်းကို ၁၀၀ ရာခိုင်နှူန်းလောက် ရှုံးနိမ့်နေရတဲ့ အနေအထား ၊ အခုတိုက်နေရင် တိုက်နေတဲ့ နေရာလောက်ပဲ ၊ ပြည်သူ့အိမ် မီးရှို့တာလောက်ပဲ ရလိမ့်မယ် ၊သြဇာညောင်းမှာတော့ မဟုတ်ဘူး”လို့ ဗိုလ်နဂါးက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း မြောက်ပိုင်း ကလေး ၊ တမူးနဲ့ မကွေးတိုင်းမြောက်ပိုင်းဖြစ်တဲ့ ဂန့်ဂေါမြို့နယ်တွေထဲမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာတွေ ကိုဝင်ရောက်စီးနင်းတာ ၊ အိမ်တွေကို မီးရှို့တာတွေ လုပ်နေစဲ ဖြစ်တယ်လို့လည်း DNA ရဲ့ စစ်ကိုင်းတိုင်း အခြေစိုက် သတင်းထောက်က သတင်းပေးပို့ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ PDF တွေကို ထောက်ပံ့ဝန်းရံမှု အခိုင်အမာ ရရှိနေပြီး နယ်မြေတခုလုံးကို အလုံးစုံ စိုးမိုးနိုင်ဖို့ ဆိုရင်တော့ NUG အနေနဲ့ ထောက်ပံမှုတွေ ဒါထက်ပိုပြီးပေးဖို့ လိုတယ်လို့လည်း ဗိုလ်နဂါးက မှတ်ချက်ပြုပါတယ်။