အီသီယိုးပီးယားနိုင်ငံမှာ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀ထက်မနည်း သေဆုံး

Photo – dailysun

ဇွန်လ ၁၈ရက်မှာ Oromia လွတ်မြောက်ရေး တပ်မတော် (OLA) လက်နက်ကိုင်အုပ်စုကြောင့် အီသီယိုးပီးယားနိုင်ငံ အိုရိုးမီးယား ဒေသမှာ အရပ်သား အနည်းဆုံး ၂၀၀ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့နဲ့ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သေဆုံးသူအများစုကတော့ Amhara လူမျိုးစုတွေထဲကဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

တိုက်ခိုက်မှုဟာ အစိုးရတပ်နဲ့ OLA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ ဆက်စပ်နေတယ်လို့ အီသီယိုးပီးယားလူ့အခွင့်အရေးကော်မရှင် EHRC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ရွာတွေပျက်စီးကာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့  EHRC က ဇွန်လ ၂၀ရက်မှာ ပြောပါတယ်။

 အီသီယိုးပီးယားအစိုးရက OLA လက်နက်ကိုင်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး သူတို့ဟာ Amhara လူမျိုးစုကို ပစ်မှတ်ထားနေကာ အရပ်သားတွေကို တိုက်ခိုက်နေတာလို့ မကြာခဏ စွပ်စွဲနေတာဖြစ်ပါတယ်။

 “တရားမဝင်တဲ့တပ်ဖွဲ့တွေရဲ့ အပြစ်မဲ့ အရပ်သားတွေအပေါ်တိုက်ခိုက်တာနဲ့ အသက်မွေးဝမ်းကျောင်းပစ္စည်းတွေ ဖျက်ဆီးတာကို လက်မခံနိုင်ဘူး” လို့ ဝန်ကြီးချုပ် Abiy က ဇွန်လ ၂၀ရက်မှာ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

 OLA လက်နက်ကိုင်အဖွဲ့ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။  အီသီယိုးပီးယားဝန်ကြီးချုပ် ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ  သူ့ရဲ့တိုက်ခိုက်ရေးသမားတွေကျူးလွန်မှုတွေကို OLA တပ်ဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေဆိုပြီး အပြစ်ပုံချနေတာဖြစ်တယ်လို့ OLA ပြောရေးဆိုခွင့်ရှိသူက  ဇွန်လ ၁၉ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

လူဦးရေ သန်း ၁၁၀ခန့်နေထိုင်တဲ့ အီသီယိုးပီးယားဟာ ဘာသာရေးအရ ကွဲပြားတဲ့လူမျိုးပေါင်းများစွာရှိပြီး ခန့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘာသာစကားအမျိုးမျိုးကိုလည်း ပြောဆိုကြပါတယ်။ အကြီးဆုံးလူမျိုးစုနှစ်ခုကတော့ Oromia နဲ့ Amhara လူမျိုးစုတို့ဖြစ်ပြီး စုစုပေါင်းလူဦးရေရဲ့ ၆၀ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။