အထွေထွေအကျပ်အတည်းကြောင့် ကွင်းကောက်ဒေသမှာ ဆူပူမှု ဖြစ်ပွား

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်ထဲက မကျည်းပင်ကွင်းနဲ့ တိုင်တရာရွာက ရွာသားတွေဟာ တောင်ပေါ်တက် သစ်ခုတ် ၊ မျှစ်ချိုး မလုပ်ရတော့တဲ့အတွက် စီးပွားရေးကျပ်တည်းပြီး မကျေနပ်မှုဖြစ်ရာက ဇွန်လ ၁၉ ရက်နေ့ ညမှာ ရာအိမ်မှူးစိုးမင်းထွန်းအိမ်ကို လူစုလူဝေးနဲ့ သွားရောက်ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။ 

“အရင်ဆုံး ရွာသားနှစ်ယောက်က မကျည်းပင်ကွင်း သစ်တောရုံးကို သွားညှိနှိုင်းတာ ၊ တောင်ပေါ်တက် သစ်ဝါးလေးခုတ်ခွင့်ရဖို့ ။ တယောက်မှ ထွက်မတွေ့တော့ ဆဲဆိုပြန်လာပြီး ရွာပြန်ရောက်တော့ လူစုလူဝေးဖြစ်ပြီး တိုင်တရာက ရဲသတင်းပေး၊ ဒလန်လုပ်နေတဲ့ ရာအိမ်မှူး စိုးမင်းထွန်း အိမ်ကို သွားဝိုင်းပြီး အဲဒီအိမ်က ပစ္စည်းတွေကို ဖျက်ဆီးလိုက်ကြတာ၊ ဆိုင်ကယ်တို့ စက်ဘီးတို့ ရိုက်ချိုးခဲ့တယ်ကြားတယ်”လို့ ပြောပါတယ် ။ 

ဒီဖြစ်စဉ်ကြောင့် မကျည်းပင်ကွင်း နဲ့ တိုင်တရာရွာက ဒေသခံရွာသားတွေကို ရဲနဲ့ စစ်တပ်က လာရောက်စစ်ဆေးတာတွေ ၊ ဖမ်းဆီးတာတွေ လုပ်နေပြီး ဒီနေ့အထိ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ် ။ 

ဖမ်းဆီးထားသူတွေကို PDF နဲ့ အဆက်အသွယ်ရှိသူတွေ ၊ ထောက်ပို့လုပ်နေသူတွေလို့ စွပ်စွဲ ဖမ်းဆီးထားတယ်လို့ သိရပြီး အင်္ဂပူမြို့နယ်ရဲချုပ်ကို ပို့ထားတယ်လို့ သိရပါတယ် ။ ဖမ်းဆီးထားသူတွေထဲက  ၂ ဦးကို အချုပ်ထဲမှာ သွားကျွတ်ထွက်တဲ့အထိ  ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေပြီး ၊ မျက်လုံးတွေလည်း ယောင်ကိုင်းနေတယ်လို့ အင်္ဂပူစခန်းနဲ့ နီးစပ်သူတဦးက သတင်းပေးပါတယ် ။ 

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်ထဲက ကွင်းကောက်မြို့ ဝန်းကျင်ရှိ ဒေသခံတွေဟာ အနောက်ရိုးမကို မှီခိုနေထိုင်ပြီး အသက်မွေးဝမ်းကြောင်းနေကြသူတွေ ဖြစ်ပါတယ် ။ 

အကြမ်းဖက်စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့မှာ PDF တွေရဲ့ ခုခံတော်လှန်စစ်နဲ့ ကြုံတွေ့နေရပြီး ဧရာဝတီတိုင်းကိုတော့ လက်ဦးမှုရအောင် နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ် ။ 

ဒီလို လုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ စစ်ရေးအရ အရေးပါတဲ့ အနောက်ရိုးမပေါ်ကို သစ်ခုတ်ဝါးခုတ်ကအစ မတက်ရဘူးဆိုပြီး ပြီးခဲ့တဲ့နှစ် ၈လပိုင်းလောက်ကစပြီး ဒေသအမိန့် ထုတ်ပြန်ထားတဲ့ အတွက် ဒေသခံတွေဟာ စီးပွားရေးကျပ်တည်းလာနေတာ ဖြစ်ပါတယ် ။