စစ်အုပ်စု သေဒဏ်ချမှတ်မှု နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အများရှေ့မှောက်စစ်ဆေးကြားနာမှုမလုပ်ဘဲ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဒါမှဟုတ် စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်စေတယ်လို့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) က ထုတ်ပြန်လိုက်ပါတယ်။
IIMM ဟာ ဇွန်လ၂၀ ရက်နေ့မှာ အဲဒီလိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဒီကိစ္စအပေါ် အနီးကပ်စောင့်ကြည့်နေ တယ်လို့ ဆိုကြောင်းလည်း VOA က ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ရာ ရောက်နေသလို၊ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတယ်လို့ လည်းဆိုပါတယ်။
မြန်မာစစ်အုပ်စုက နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့် သူတို့ကို သေဒဏ်ပေးရတယ် ဆိုရင်တောင် ခိုင်မာလုံလောက်တဲ့ အကြောင်းပြချက်မျိုး မရှိဘဲသေဒဏ်ပေးလို့ မရကြောင်း IIMM က ဆိုပါတယ်။
IIMM အနေနဲ့ စစ်အုပ်စုရဲ့ ကြိုးမိန့်ကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဖြိုးဇေယျာသော် အပါအဝင် (၄) ဦးကို စစ်ခုံရုံးကနေ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်တဲ့အကြောင်း ဇွန်လ (၃) ရက်နေ့မှာ မြန်မာစစ်တပ်က ကြေညာခဲ့တယ်လို့ IIMM က ပြောပါတယ်။