တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်းအတွင်းမှာရှိတဲ့ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဒေသကာကွယ်ရေးအဖွဲ့ PDF စခန်းနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းတွေကို အသုံးပြုပြီး ရှာဖွေနေတယ်လို့ လောင်းလုံမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNAကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လောင်းလုံးမြို့နယ်မှာ ဇွန်လ ၁၆ရက်နေ့ကနေ ဒီနေ့အထိရှာဖွေမှုတွေ လုပ်ဆောင်နေတဲ့အပြင် ပြည်သူတွေကြောက်လန့်အောင် ခြိမ်းခြောက်မှုတွေပါလုပ်ဆောင်နေတယ်လို့ အဲဒီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လောင်းလုံးမြို့နယ်ဟာ ကုန်တွင်းပိတ်ပုံစံမျိုးဖြစ်တဲ့အတွက် အကြမ်းဖက်စစ်တပ်က အခုလိုလမ်းကြောင်းမျိုးစုံသုံး ရှာဖွေနေတာဖြစ်ပြီး “ဇွန်လ ၁၉ရက်နေ့ကဆိုရင် သူတို့ ကင်းထောက်လေယာဥ်နဲ့ တောင်ကြောတလျှောက် ကင်းလှည့်တာ လုပ်တယ်”လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လောင်းလုံးမြို့နယ်အတွင်းမှာ CDMဝန်ထမ်းတွေ ၊ PDF စခန်းနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ လုပ်ဆောင်ရာမှာ ဇွန် ၁၆ရက်က ကျေးရွာတစ်ရွာမှာ နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ဇွန် ၁၇ရက်မှာတော့ အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီးတစ်ဦးကို ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ခဲ့တဲ့အပြင် အဲဒီနေ့တရက်တည်းမှာပဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး၊စုစုပေါင်းသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိအချိန်ထိ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် သေဆုံးသူ ၃ဦး ၊ ဒဏ်ရာရသူ ၃ဦးနဲ့ ဖမ်းဆီးခံရသူ ၂၆ဦးအထိရှိလာခဲ့ပြီလို့ လောင်းလုံမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။