စစ်တပ်ထုတ်ကုန် မဟုတ်ဘူးလို့ မန်းရမ်ထုတ်လုပ်သူဘက်က ပြန်လည်ရှင်းလင်း

မန္တလေး အဖျော်ယမကာ ထုတ်လုပ်ရေး ကုမ္မဏီ (MBE) ဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ လုပ်ငန်းမဟုတ်ပဲ ပုလင်းခွံတွေကို ပြန်ဆေးပြီး အသုံးပြုရတဲ့အတွက် မန်းရမ် ပုလင်းတွေမှာ စစ်တပ်ထုတ် Dagon အမှတ်တံဆိပ်ပါနေတာဖြစ်တယ်လို့ ကုမ္မဏီတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့က ပုလင်းတွေကို အဟောင်းကနေ ပြန်ဆေးပြီး သုံးကြတာ ၊ တရုတ်ပုလင်းခေါ်တာပေါ့ ၊ ကျွန်တော်တို့ အခေါ်အဝေါ်အရ ၊ တိုက်ဂါးဘီယာပုလင်းလည်း ရှိတယ် ၊ ဒဂုန်ပုလင်းလည်းရှိတယ် ၊ မြန်မာပုလင်းလည်း ရှိတယ် ၊ မြန်မာပုလင်းကတော့ ဒီလိုတွေကို ပေးမသုံးဘူး ။ ဒီလို ပုလင်းအစုံတွေကို မန္တလေးမှာဆို ပုလင်းဝန်းဆိုတာ ရှိတယ် ။ အဲဒီကနေ ပုလင်းအဟောင်းတွေကို ပြန်ဝယ် ၊ အဲလိုပဲ ပြန်သုံးရတာ ။ အဲဒါကြောင့် ဒဂုန်ဆိုလည်း ကျွန်တော်တို့နဲ့ မဆိုင်ဘူး ။ အတွင်းထဲက အရက်ပဲ ကျွန်တော်တို့က ထည့်ရောင်းတာ” လို့ ဆိုပါတယ် ။
ဇွန်လ ၁၉ ရက်နေ့က တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်ထဲမှာ မန်းရမ်တံဆိပ် အရက်ပုလင်းတွေ သယ်လာတဲ့ ကားကို ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (D.E.F.-PDF) က ဖမ်းဆီးခဲ့ပြီး သယ်ဆောင်လာတဲ့ အရက်ပုလင်းတွေကို ဖျက်ဆီးခဲ့ပါတယ် ။
ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (D.E.F.-PDF) ကို DNA က ဆက်သွယ်မေးမြန်းရာမှာ
“စစ်ကောင်စီက သူတို့ထုတ်တဲ့ အရက်ဘီယာတွေကို နံမည်ပြောင်းပြီး ထုတ်ကြတယ်ဗျ ။
“ဗူးခွံမှာ Dagon အမှတ်တံဆိပ်ပါပြီး တခြားနံမည်တမျိုးတံဆိပ်ကပ်ပြီး လာရောင်းတဲ့အတွက် အရက်ဖာ ၅၀ ကျော်ကို ဖျက်ဆီးလိုက်ရတာ” လို့ ပြောပါတယ် ။ သူတို့ ဒေသမှာ အရင်က အဲဒီလိုအရက်မျိုး မတွေ့ဖူးတဲ့အတွက် ပုလင်းတွေကို စစ်ဆေးရာမှာ Dagon တံဆိပ်ပါတဲ့အတွက် အခုလို ဖျက်ဆီးလိုက်တာလို့လည်း ဖြည့်စွက် ပြောပါတယ် ။
MBE ကုမ္မဏီဘက်ကတော့ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက ရပ်တည်ခဲ့တဲ့ စစ်တပ်နဲ့ မပတ်သက်တဲ့ လုပ်ငန်းဖြစ်ပြီး တကယ်လို့သာ PDF တွေဘက်က သဘောမကျဘူးဆိုရင် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ Dagon တံဆိပ်ပါတဲ့ ပုလင်းခွံတွေကို အသုံးပြုမှာ မဟုတ်တော့ဘူးလို့လည်း DNA ကိုပြောပါတယ် ။