ယူကရိန်းကလေးတွေကိုထောက်ပံ့ဖို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လေလံတင်ရောင်းချခဲ့တဲ့ ရုရှားသတင်းစာဆရာ

Photo – Reuters

၂၀၂၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ပူးတွဲဆုရှင် ရုရှားသတင်းစာဆရာ Dmitry Muratov ဟာ ယူကရိန်းစစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေကို အကူအညီပေးဖို့ သူ့ရဲ့နိုဘယ်ဆုတံဆိပ်ကို စံချိန်တင်ဒေါ်လာ ၁၀၃ ဒဿမ ၅ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

Muratov ဟာ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်တဲ့ ရုရှားသတင်းစာ Novaya Gazeta ကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပြီး ဖိလစ်ပိုင်သတင်းစာဆရာ Maria Ressa နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၂၀၂၁ခုနှစ်မှာ ရရှိခဲ့တာပါ။

လေလံပွဲကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ ဇွန်လ ၂၀ရက် ကမ္ဘာ့ဒုက္ခသည်နေ့က ပြုလုပ်ခဲ့ပြီး အဲဒီကနေ ရရှိတဲ့ ငွေတွေဟာ ယူကရိန်းကအိုးမဲ့အိမ်မဲ့ကလေးတွေအတွက် ယူနီဆက်ဖ်ရဲ့လူသားချင်းစာနာမှု ဆိုင်ရာလုပ်ငန်းတွေကို အကျိုးရှိစေမယ်လို့ ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

Muratov ရဲ့ Novaya Gazeta သတင်းစာဟာ သမ္မတ ဗလာဒီမာပူတင်နဲ့ သူ့အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယူကရိန်းစစ်ပွဲအကြောင်း သတင်းပေးပို့ဖော်ပြချက်အပေါ် သတိပေးခံရပြီးနောက် မတ်လမှာ ရုရှားနိုင်ငံအတွင်း သတင်းလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

Muratov ရဲ့နိုဘယ်ဆုလေလံပွဲဟာ အရင်က လေလံတင်ရောင်းချခဲ့တဲ့ နိုဘယ်လ်တံဆိပ်တွေကို စံချိန်ချိုးသွားခဲ့တယ်လို့ အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရရှိတဲ့ ဆုကြေးငွေတွေထဲက ဒေါ်လာ ၅သိန်းခန့်ကို ပရဟိတအဖွဲ့တွေဆီ လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပြီး ၂၀၀၀ ခုနှစ် ကတည်းက အသတ်ခံခဲ့ရတဲ့ Novaya Gazeta သတင်းစာရဲ့ သတင်းစာဆရာ ၆ဦးအတွက် ရည်စူးပြီး အခုလိုလှူတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။