မြိုင်၊ ကွမ်းတောရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကွမ်းတောရွာကိုရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာ ရွာအရှေ့ဘုန်းကြီးကျောင်းနဲ့ ကျေးရွာရေရှိရေးအတွက်အသုံးပြုနေတဲ့ သိန်း၅၀လောက်တန်ဖိုးရှိ ဆိုလာပြားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်၁၉ရက်နေ့က ကွမ်းတောရွာမှာ စတင်တပ်စွဲခဲ့ပြီးအဲဒီနေ့မှာပဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ ကထုတ်ပြန်ပါတယ်။
အရင်က ရွာထဲ ရေပေးဝေရေးကို မော်တာနဲ့ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း မီးမလာတော့တာကြောင့် ကျပ်သိန်း၅၀တန်ဖိုးရှိ ဆိုလာပြားဝယ်ကာ ရေပေးဝေရေးကို ဆက်လက်ဆောင်ရွက်ခဲ့တာပါ။
‘ရွာသားတွေကို ဓားစားခံအနေနဲ့ဖမ်းထားပြီး နှိပ်စက်နေတယ်။စိတ်ဝေဒနာရှင်တစ်ဦးက သတ်လိုက်တယ်လို့ သိရတယ်။ရွာမီးရှို့တယ်လို့တော့မကြားမိဘူး။ထုံးစံအတိုင်းအိမ်တွေဝင်မွှေဖျက်ဆီးတာတွေရှိတယ်။ဘုန်းကြီး ကျောင်းဖျက်ဆီးခံရတာအခြေအနေဘယ်လိုရှိသလဲဆိုတာလည်း သတင်းမရသေးဘူး’လို့ မြိုင်မြို့နယ်၊အမှတ် (၁)ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်၂၀ရက်နေ့မနက်မှာ ရွာသားဓားစားခံ ၃၀လောက်ကို PDFစခန်း လိုက်ပြခိုင်းကာ ရွာအရှေ့ဘက်တောနင်းရှာဖွေရေးပြုလုပ်ခဲ့ပြီး ညနေပိုင်းရွာပြန်ရောက်တဲ့အခါ ရွာတောင်ပိုင်းကအိမ်တွေကို ဝင်မွှေခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ ကဖော်ပြပါတယ်။
အဲဒီနောက် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး တခြားဓားစားခံတွေကိုလည်း နှိပ်စက်နေတာကြောင့် အော်သံတွေ ကြားခဲ့ရကြောင်း ရွာထဲကနေ နောက်ဆုံး ရှောင်ရှားခဲ့သူက သတင်းပို့တယ်လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့ ကဆိုပါတယ်။