ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ မဲလ်ဘုန်းမြန်မာမိသားစု ကျင်းပ

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းက မြန်မာမိသားစုတွေ စုပေါင်းပြီး မွေးနေ့အထိမ်းအမှတ် ဘာသာပေါင်းစုံဆုတောင်းပွဲနဲ့အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့သေဒဏ်ပယ်ဖျက်ပေးရေးလှုပ်ရှားမှုတို့ကိုကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို CRPH/NUG Support Group Australia, Vic က ဦးဆောင်ကျင်းပတာဖြစ်ပြီးမဲလ်ဘုန်းရှိမြန်မာအသိုင်းအဝိုင်း၊တိုင်းရင်းသားညီနောင်တွေနဲ့ဘာသာရေးခေါင်း ဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။
လူထုခေါင်းဆောင်ရဲ့မွေးနေ့ပွဲမှာ ဗစ်တိုးရီးယားပြည်နယ်လွှတ်တော်အမတ်တဦးဖြစ်သူ၊ Hon Meng Hong Tat နဲ့ Australia Myanmar Institute ရဲ့ ဥက္ကဌ ဖြစ်သူ မြန်မာ့အရေးကိုနှစ်ပေါင်းများစွာအားပေးလာတဲ့ ၊ ဩစတေးလျနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဟောင်း Mr. Christopher Lamb တို့က အမှတ်တရ အမှာစကားပြောကြားပေးခဲ့ကြပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအထုပ္ပတ္တိကိုကချင်တိုင်းရင်းသူတဦးကဖတ်ကြားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်ထားတဲ့ ‘အကယ်၍ ‘ ကဗျာ ကို ၈၈မျိုးဆက်ကျောင်းသားဟောင်းမြန်မာသတင်းထောက်တဦးကရွတ်ဆိုခဲ့ကာ နိဂုံးချုပ်အမှာစကားနဲ့ကျေးဇူးတင်စကားကိုဆရာမဒေါက်တာယုယုချစ်က ပြောကြားခဲ့ပါတယ်။
အခမ်းအနားတက်ရောက်လာသူမြန်မာမိသားစုတွေကဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လက်မှတ်ထိုးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၊သမ္မတကြီးဦးဝင်းမြင့်၊ဩစတေးလျနိုင်ငံသားစီးပွားရေးအကြံပေးဖြစ်သူပရော်ဖက်ဆာရှောင်တာနဲလ်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးပိုစတာလှုပ်ရှားမှုအပြင်သေဒဏ်ကျခံထားရတဲ့ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အတွက် သေဒဏ်ဖျက်သိမ်းရေးပိုစတာလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။ ပိုစတာလှုပ်ရှားမှုကိုအကျဉ်းသားအားလုံးမလွတ်မြောက်မချင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။