စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကျင်းပတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ်ပြည့်မွေးနေ့အခမ်းအနားကို လူ၅၀၀ကျော်တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။
ဇွန်လ၁၉ရက်နေ့၊မနက်၁၀နာရီမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM က ဦး ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြောင်နယ်တော်လှန်ရေးအင်အားစုနဲ့ ချောင်းဦး ၊ မြင်းမူ၊ မြင်းခြံ တို့က တော်လှန်ရေးမဟာမိတ် (၃၈) ဖွဲ့ရဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေတက်ရောက်ခဲ့ကြကြောင်း CDSOM က ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားမှာ ဖက်ဒရယ်နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို အလေးပြုခြင်း၊ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တစ်ဦးချင်းစီက မွေးနေ့ဆုတောင်းခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ကဗျာဖတ်ခြင်းနဲ့အမေစုမွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။အခမ်းအနား ကျင်းပပြီးနောက် တက်ရောက်လာသူတွေကို နေ့လည်စာနဲ့ ဧည့်ခံခဲ့ပါတယ်။