စစ်တပ်ထုတ် အရက်တွေသယ်ဆောင်လာတဲ့ကားကို ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထုတ် အရက်ပုလင်းတွေ သယ်ဆောင်လာတဲ့ကားကို ဖမ်းဆီးပြီး အရက်ပုလင်းတွေကို ဖျက်ဆီးလိုက်တယ်လို့ ထားဝယ် အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (D.E.F.-PDF) က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက် တောင်သုံးလုံးလမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကားတွေကို တားဆီးစစ်ဆေးနေချိန် စစ်တပ်ထုတ်မန်းရမ်တံဆိပ်ပါ အရက်ပုလင်းဖာ ၃၀ခန့် သယ်ဆောင်လာတဲ့ ကားကို စစ်ဆေးတွေရှိခဲ့တာကြောင့်ဖမ်းဆီးခဲ့တာပါ။
“ကားပေါ်ပါလာတဲ့ အရက်ပုလင်းတွေက ဖာ ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။ ဒီလမ်းတွေမှာ စကစ ထုတ်ကုန်တွေကို သယ်ဆောင်ရောင်းချဖို့PDF အဖွဲ့တွေက တားမြစ်ထားတယ်။ အဲဒါကို တင်လာတဲ့အတွက် တားဆီးပြီး ဖျက်စီးလိုက်တာလို့သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရက်ပုလင်းတွေကိုဖျက်စီးခဲ့ပြီးနောက် ကားနဲ့လူတွေကိုတော့ သတိပေးပြောဆိုကာ ပြန်လွတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။