စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာတပ်စွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်၊၄ဦးသေကြောင်းထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ဒေါင့်အင်းကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း Yedashe-PDF 2 က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဒေါင့်အင်းကုန်းရွာမှာ အကြမ်းဖက်စစ်သားအင်အား၅၀လောက်တပ်စွဲထားပြီး ဇွန်၁၅ရက်နေ့ ညနေ၆နာရီ လောက်မှာ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့ တပ်ဖွဲ့နဲ့ NTDF(သံတောင်မြောက်ပိုင်း အထူးဒေသ) ပူးပေါင်း တပ်ဖွဲ့တို့ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ညနေမှာ ပူးပေါင်း တပ်ဖွဲ့ဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနယ်မြေ စိုးမိုးရေးအတွက် ‌ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာအတွင်း လှည့်လည် အင်အားပြကာ တညအိပ် စခန်းချခဲ့ကြကြောင်းသိရပါတယ်။
ဇွန်လ ၁၇ ရက်နေ့ မနက်မှာလည်း နဂျပ်၊ စည်ပိုင်း၊ ရှမ်းစု၊ ကျွန်းကုန်းနဲ့ ပိတောက်ကုန်းကျေးရွာ တွေဆီ သွားရောက်ကာ စည်းရုံးရေး ပြုလုပ်ခဲ့ပေမဲ့ အကြမ်းဖက်စစ်တပ်လာရောက်နိုင်ခြင်း မရှိတဲ့အထိ နယ်မြေစိုးမိုးမှု ပြုလုပ်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။
မြစ်အရှေ့ဘက်ကမ်းမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် အနီးတစ်ဝိုက် သွားလာခြင်း မပြုကြဖို့လည်း Yedashe-PDF 2 ကအထူးမေတ္တာရပ်ခံထားပါတယ်။