ကလေးမြို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကို သေနတ်သမားတွေက ခြိမ်းခြောက်ငွေတောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ သေနတ်သမားနှစ်ဦးက အိမ်တစ်အိမ်ကို လက်နက်ပြခြိမ်းခြောက်ပြီး ငွေ ၁၅သိန်းတောင်းယူခဲ့တယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့က ကလေးမြို့နယ် မြောက်ပိုင်းရွာတစ်ရွာမှာ Mask တပ်ထားတဲ့ လူနှစ်ယောက်ဟာ သေနတ်အတို နဲ့ လက်ထိပ်ကိုင်ဆောင်ထားပြီး မူးယစ်ဆေးရောင်းတဲ့အိမ်တစ်အိမ်က ငွေ ၁၅ သိန်းနဲ့ ၁၅သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရတာပါ ။ ဒါအပြင် အိမ်ကိုပါမီးရှို့လိုက်မယ်လို့လည်း ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။
သေနတ်သမား ၂ ဦးဟာ လူငယ်အရွယ်တွေဖြစ်နေတာကြောင့် တချို့ကတော့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် အထင်မှားအောင် ပုံဖျက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
” ကျမတို့ရဲ့ PDF တွေကို နာမည်ဖျက်ဖို့အတွက် အယောင်ဆောင်ပြီး ပုံဖျက်နေတယ်ဆိုတာ သိစေချင်လို့ပါရှင့်၊ လုံခြုံရေးအရ ရွာနာမည်ကိုမပြောနိုင်ပါဘူး” လို့ ဆက်သွယ်ပြောခဲ့တာပါ။
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုင်ဆောင်တာဟာ လက်နက်အရှည်တွေကိုသာ အဓိကထား ကိုင်ဆောင်တာဖြစ်ပြီး တောမီးလောင်လို့၊တောကြောင်လက်ခမောင်းခတ်တဲ့ သဘောဖြစ်နေတာကြောင့် အခုလုပ်ရက်ဟာ PDFတွေလုပ်တာမဖြစ်နိုင်ဘူးဆိုတာ ယုံကြည်တယ်လို့လည်း အဲဒီဒေသခံက သူ့ရဲ့အမြင်ကို ဖြည့်စွက်ပါတယ်။
နိုင်ငံက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်မှာ ကျေးလက်မှာတင်မက ၊ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာပါ လုယက်တာတွေ၊ခြိမ်းခြောက်ပြီးငွေတောင်းခံတာတွေအပြင် လက်နက်နဲ့ဘဏ်ဓားပြတိုက်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
အခုလို ပုံဖျက်လုပ်ဆောင်မှုတွေရှိလာတဲ့အပေါ် အကြမ်းဖက်စစ်အုပ်စုဘက်က လုပ်ဆောင်တာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။ဒါပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တစုံတရာ သဘောထားထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။