သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီအတွက် အိန္ဒိယအစိုးရဆီကနေ ဒေါ်လာ သန်း ၅၀၀ ချေးငွေ ရယူဖို့ တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ နိုင်ငံရဲ့လောင်စာဆီသိုလှောင်မှုမှာ နောက်ထပ်ငါးရက်ခန့်သာ ကျန်တော့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး Wijesekera က ဇွန်လ ၁၆ရက်နေ့မှာ ပြောပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့နိုင်ငံဟာ နှစ်ပေါင်း ၇၀အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး အစားအစာ၊ ဆေးဝါးနဲ့ လောင်စာဆီအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေ အတွက် ဒေါ်လာတွေကို ပေးချေဖို့ ဒေါ်လာကုန်သွားခဲ့တာပါ။
နိုင်ငံတစ်ဝှမ်း ဓာတ်ဆီဆိုင်အချို့မှာ အခုသီတင်းပတ်အတွင်း လောင်စာပြတ်လပ်မှု ပိုမိုဆိုးရွားလာခဲ့ပြီး တစ်ခါတစ်ရံ ဓာတ်ဆီနဲ့ ဒီဇယ်ဆီအတွက် ယာဉ်ပိုင်ရှင်တွေ ညအိပ်စောင့်ဆိုင်းရကာ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
သီရိလင်္ကာဟာ အိန္ဒိယအစိုးရရဲ့ Exim Bank ကနေ ဒေါ်လာ သန်း ၅၀၀ ချေးငွေအတွက် တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေပြီး Wijesekera က လာမည့်ရက်သတ္တပတ်အနည်းငယ်အတွက် လောင်စာဆီတင်ပို့ဖို့ ရန်ပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယဟာ မရှိမဖြစ်လိုအပ်တဲ့သွင်းကုန်တွေအတွက် ဒေါ်လာ ၁ ဘီလီယံချေးငွေ နဲ့ဒေါ်လာ ၄၀၀ ဘီလီယံတန်ဖိုးရှိ ကုန်စည်လဲလှယ်တာတွေ အပါအဝင် ဒေါ်လာ ၃ ဘီလီယံခန့် အကူအညီ ပေးခဲ့ကာ ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း အဓိကပံ့ပိုးကူညီတဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။