မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရ ထပ်တိုးအရေးယူပိတ်ဆို့

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရက ထပ်တိုးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြောင်း ဇွန်၁၆ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးရာမှာ တာဝန်ရှိတဲ့ မြန်မာကုမ္ပဏီတွေဖြစ် တဲ့ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ကို ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်ခဲ့တာပါ။
မြန်မာစစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခြင်းအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျူးလွန်နေကြောင်း Amnesty International ရဲ့ အစီရင်ခံစာ မကြာသေးမီက ထုတ်ပြန်ပြီးနောက် အခုလို ဒဏ်ခတ်အရေးယူမှု ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
အဲဒီကုမ္ပဏီသုံးခုစလုံးဟာ အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေ ထောက်ပံ့ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်အတွက် လက်နက်နဲ့လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့ရာမှာ ပါ၀င်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းအပြင် ပူတင်ရဲ့ မဟာမိတ်တွေကို ပစ်မှတ်ထားကာ ပိုမိုကျယ်ပြန့်တဲ့ ဒဏ်ခတ်အရေးယူမှုတွေလည်းပါ၀င်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနဲ့ ပူတင်ရဲ့ စစ်ယန္တရားကို စီးဆင်းသွားနိုင်တဲ့၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမယ်လို့ လည်း ဆိုပါတယ်။