ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မလေးရှားသွားမယ်

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မလေးရှားနိုင်ငံကိုသွားရောက်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူး ဟာ ဇွန်လ ၁၇ ရက်နေ့ကနေ ၂၃ရက်အထိ မလေးရှားနိုင်ငံကို သွားရောက်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဝက်ဘ်ဆိုက်မှာဇွန်၁၅ရက်နေ့က ဖော်ပြပါတယ်။
တွမ်အန်ဒရူး ဟာ မလေးရှားအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုလအရာရှိတွေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံရဲ့ မူဝါဒကျွမ်းကျင်သူတွေ၊ လူမှုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့ RFA ကဖော်ပြပါတယ်။
အခုခရီးစဉ်ဟာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ဆက်စပ်ပြီး အာဆီယံဒေသနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဒေသတွင်း ထိတွေ့ ဆက်ဆံမှု အစီအစဉ်တစ်ခုရဲ့ အစဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်က ထွက်ပြေးခဲ့ရသူတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေနဲ့ဆက်လက် တွေ့ဆုံသွားမယ်လို့ လည်းဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့၊ကွာလာလမ်ပူမြို့တော်က Westin Hotel မှာ သူ့ရဲ့ ပဏာမလေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
လာမယ့်လတွေမှာ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေကို သွားရောက်ဖို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။