ပုလဲ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်မှာ စစ်သား ၇ ဦး သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးနိုင်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်၁၂ရက်နေ့၊မွန်းလွဲ၁နာရီမှာ ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကနေ လက်ပုကန်ရွာဘက်ထွက်ခွာလာတဲ့ အကြမ်းဖက်တပ်ကို ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်၁၃ရက်နေ့ မွန်းလွဲ၁နာရီမှာ လက်ပုကန်ရွာအရှေ့လက်နားမှာ ဒုတိယအကြိမ် မိုင်းဆွဲဖြတ်တိုက်ခဲ့ရာ စစ်သား ၇ ဦးလောက်သေဆုံး နိုင်တယ်လို့ ဆိုပါတယ်။
အကြိမ်ကြိမ် ခြုံခိုဖြတ်တိုက်ခံရတဲ့ အဲဒီအကြမ်းဖက်တပ်ဟာ ပုလဲ-ဂန့်ဂေါလမ်းမကြီးအနီးရှိလက်ပုကန်ကျေးရွာနေ အသက် ၈၀ အရွယ်နဲ့အသက် ၇၀ အရွယ်အဘိုး ၂ ဦးနဲ့ အသက် ၆၀ အရွယ်အဘွားတစ်ဦးတို့ကို သတ်ခဲ့ပြီး ပြည်သူပိုင်အိုးအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က ထုတ်ပြန်ပါတယ်။
အပြစ်မဲ့ပြည်သူတွေကို အဲဒီလို ရက်စက်မှုဟာ ပထမအကြိမ်မဟုတ်ဘဲ အကြိမ်ကြိမ်ရှိပြီလို့လည်း ဆိုပါတယ်။