မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျွန်းခုံသာရွာ ဒေသခံတွေ ဆီကနေ ရွှေ၊ငွေပစ္စည်းတွေ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဓားမြတိုက်ခံရဖို့စောင့်နေရတာပါ။ လူမသတ်သွားလို့ မောင်မင်းကြီးသားများကိုကျေးဇူးတင်ပါတယ်”လို့ လက်ဝတ်ရတနာတွေလုယက်ခံရတဲ့ ကျွန်းခုံသာရွာသူတစ်ဦးက DNAကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရွှေငွေတွေကို လုယက်ရာမှာ ဒေသခံတွေကို သေနတ်နဲ့တေ့ပြီး ခြိမ်းခြောက်ယူဆောင်သွားတာလို့ ကန်ရွာ မြောက်တိုက်ရွာသားတစ်ဦးကလည်း ပြောပါတယ်။
ဒါ့အပြင် ကန်ရွာက ဒေသခံနှစ်ယောက်ကိုလည်းခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“ဟုတ်ပါတယ် ။ကျနော်တို့ကန်ရွာက စိန်မင်းထွန်းရယ် ၊ ဦးချစ်ထွန်းရယ် ခေါ်သွားတယ်ဗျ။ ဆေးရုံတစ်ဝိုက်အိမ်တွေက လက်ဝတ်ရတနာတွေ တော်တော်ပါသွားတယ်။ ကျွန်းခုံသာကလည်း ရွေထည်တွေ သေနတ်နဲ့တေ့တောင်းသွားတယ်ဗျ။” လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံနှစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ပိုက်ဆံနဲ့လဲဖို့ပြောတဲ့အတွက် လက်ရှိမှာ ပိုက်ဆံရှာနေရတယ်လို့ ကိုစိန်မင်းထွန်းရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။
“သက်သက်ညစ်တာပါဗျာ။ပိုက်ဆံမပေးနိုင်လို့ပေါ့။ကျနော်တို့ပိုက်ဆံရှာနေပါတယ်။ လူကအရေးကြီးတယ်လေ” လို့ ကိုစိန်မင်းထွန်းရဲ့ဦးလေးကပြောပါတယ်။
ကျွန်းခုံသာရွာဟာ ကန်ရွာရဲ့မြောက်ဘက်မှာရှိပြီး ဂန့်ဂေါကလေးရထားလမ်းသာခြားတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ လက်ရှိမှာ ကန်ရွာကနေထွက်ခွာပြီးတော့ မွေ့လယ်ဘက်ကို သွားနေတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။