ရန်ကုန်တိုင်းထဲမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းကိုသုံးပြီး ရန်ကုန်မှာရှိတဲ့ သပိတ်အဖွဲ့ဝင်တွေကို အပြင်းအထန်ရှာဖွေမှုတွေလုပ်နေတာကြောင့် မြေပြင်ရဲဘော်တွေအနေနဲ့ အထူးသတိထားဖို့ သပိတ်ကော်မတီတွေက အသိပေးနှိုးဆော်မှုတွေကို လုပ်ဆောင်နေကြရပါတယ်။
အကြမ်းဖက်စစ်တပ်က ဇွန် ၁၃ရက် ညပိုင်းကမြို့နယ်အများအပြားမှာ အင်အားအလုံးအရင်းသုံးပြီး နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြကာ သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က အင်အားသုံး ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တဲ့အတွက် စမ်းချောင်း၊ကြည့်မြင်တိုင်၊တာမွေနဲ့ ရန်ကင်းမြို့နယ်တွေမှာရှိတဲ့ သပိတ်အဖွဲ့ဝင် ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်အဖွဲ့ဝင်တစ်ဦးက DNAကိုပြောပါတယ်။
“လက်ရှိမှာ အယောက် ၃၀ ကျော်ဖမ်းဆီးခံရတယ်လို့တော့ သိရတယ်။ ဘယ်သူရယ်။ ဘယ်ဝါရယ်။ ဘယ်ကော်မတီကလည်းဆိုတာတော့မသိသေးဘူး။ အဲ့ဒီထဲမှာတော့ ညီမအသိ ၃ယောက်လောက် ပါတယ်။”လို့ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ လှိုင်သာယာမြို့နယ်အတွင်းကနေအိမ်တချို့ကိုလည်း အင်အားသုံး ဧည့်စာရင်းစစ်ဆေးပြီးနောက် လူငယ် ၁၀ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သူတို့ဘက်က လူအင်အားတော်တော်များတယ်။လမ်းကို ထိတ်ပိတ်၊နောက်ပိတ်လုပ်ပြီး ဧည့်စားရင်းစစ်တာ။ကလေး ၁၀ယောက်လောက်ကိုလည်း မသင်္ကာလို့ဆိုပြီးဖမ်းသွားတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန် ၁၄ရက်မှာလည်း ရန်ကုန်မြို့နေရာအနှံကို ရှာဖွေမှုတွေလုပ်ဆောင်ခဲ့သလို လက်ရှိဇွန် ၁၅ရက်မှာလည်းဆက်လက်ရှာဖွေမှုတွေလုပ်ဆောင်နေပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ GSC ကတော့ ဒီကနေ့မနက် ၄ နာရီ ဝန်းကျင်မှာ အရေးပေါ်အနီရောင်အဆင့် ကြေညာထားပြီး အချင်းချင်း အပြန်အလှန် သတင်းရမရ စိစစ်ကြဖို့နဲ့အဆက်အသွယ် မရရှိပါက နေရာရွေ့ဖို့နဲ့ ပြည်သူများအနေနဲ့လည်း ဝိုင်းဝန်းကူညီ စောင့်ရှောက် ပေးကြဖို့ကို နှိုးဆော်ထားပါတယ်။