မုံရွာ-ပုလဲကားလမ်းဘေး မိုင်းဆွဲခံရ၊စစ်သား ၄ဦးသေဆုံးနိုင်

မုံရွာ-ပုလဲကားလမ်းဘေးဝဲယာ စစ်သားတွေဖြတ်လျှောက်လေ့ရှိတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦး သေဆုံးနိုင်တယ်လို့သိရပါတယ်။
ဒီနေ့မနက်၈နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်နဲ့ လက်တောင်းကြီးရွာကြားမုံရွာ-ပုလဲ ကားလမ်း ဘေးမှာ မိုင်းနှစ်လုံးဆွဲခဲ့ခြင်းဖြစ်ပြီး ခြေလျင်ဖြတ်လာတဲ့ စစ်သား၁၂ဦးအနက် ၄ဦး ဘိုင်းခနဲလဲကျသွားတာ ကိုမြင်လိုက်ရကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။
‘ကျွန်တော်တို့ မိုင်းအလုံး၂၀ကျော်ထောင်ထားတဲ့အထဲက နှစ်လုံးပဲဆွဲလိုက်တာ။စစ်ခွေးတွေက ကားလမ်းမ ပေါ်ကြောက်ပြီး ကားလမ်းမဘေးဝဲယာကနေဖြတ်လျှောက်လေ့ရှိလို့ ကားလမ်းဘေး မိုင်းဆင်ရတာ’လို့ ဒေါင်း နက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေကပြောပါတယ်။
ဇွန် ၁၄ရက်နေ့၊ နေ့ခင်း ၁၂နာရီ၁၀မိနစ်ကလည်း ပုလဲမြို့အရှေ့မြောက်၊မြို့ပြင်ဘက် ခြေလျင်ကင်းလှည့် လာတဲ့ အကြမ်းဖက်စစ်သား ၆ဦးအဖွဲ့ကို ဒေါင်းနက်ပြောက်ကျားရဲဘော်တွေက မိုင်းနှစ်လုံးဆွဲခဲ့ရာ ၂ဦးပွဲချင်း ပြီးသေပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ရဲဘော်ပေက ပြောပါတယ်။