မုံရွာမြို့ပေါ်က ဇီးကွက်စစ်ဆင်ရေး စစ်သား ၂ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်အတွင်း စစ်သားတွေဖြတ်လေ့ရှိတဲ့လမ်းမှာ မိုင်းခွဲခဲ့ရာ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒီနေ့မနက် ၄ နာရီ မိနစ် ၄၀ လောက်မှာ မုံရွာမြို့၊ ထန်တောရပ်ရှိ စစ်သားတွေဖြတ်လေ့ရှိတဲ့ ရွှေဝါရောင်လမ်းပေါ် မြင်သာအောင် မိုင်းထောင်ထားပြီး စစ်တပ်က မိုင်းကိုတွေ့ကာ လာရောက်ရှင်းလင်းစဉ် မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) က ထုတ်ပြန်ပါတယ်။ မိုင်းလာရှင်းတဲ့အထဲက စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးတဲ့အပြင် စစ်သားတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဇီးကွက်စစ်ဆင်ရေးလို့ အမည်ပေးထားပြီး DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်တွေ၊ M.A.C.Tထောက်ပို့တပ်နဲ့ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။