 Photo- Kyimyinttine Youths Strike Committee
Photo- Kyimyinttine Youths Strike Committee
 
ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ပန်းခြံအရှေ့မှာ ကျောင်းမတက်ဖို့ ဖက်ဆစ်ဆန့်ကျင်ရေး တပ်လှန့်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ ဇွန် ၁၃ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
 
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီနဲ့ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမ္မဂ္ဂ (ဗကသ) တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ “ခေတ်ကောင်းကို ချီတက်ဖို့ စစ်ကျွန်ပညာမမြစ်ဖြတ်စို့”စာသားကို ချိတ်ဆွဲခဲ့ပါတယ်။
 
“မနက်က ၈နာရီလောက်ရှိမယ်။ကလေးတွေ လှုပ်ရှားမှုလုပ်သွားတာ။ကျွန်တော်က အဲ့ဒီပန်းခြံထဲမှာ လမ်းလျှောက်နေတာ။သူတို့လုပ်နေတာ မြင်တော့ ကိုယ့်နည်း၊ကိုယ့်ဟန်နဲ့ ဘေးဘီကို ကြည့်ပေးခဲ့သေးတယ်။ သိတဲ့အတိုင်းပဲ ဒီအချိန်က စကစတွေက အရပ်ဝတ်တွေ၊သတင်းပေး၊ဒလန်တွေနဲ့ အခုလိုလှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာလေ။
ကလေးလုပ်ဆောင်တာတွေကို အမှန်ပြောရရင် အားပေးတယ်။ဒါပေမယ့်လည်း နောက်နောင် ဒီလိုလှုပ်ရှားမှုတွေလုပ်မယ်ဆိုရင် အထူးသတိထားဖို့ ကလေးတွေပိုပြောချင်တယ်။ကျွန်တော်တို့မြို့နယ်က သတင်းပေး၊ဒလန်တွေပေါတယ်လေ။ဒါကြောင့် ပါ။တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက DNA ကို ပြောပါတယ်။
 
ကြည့်မြင်တိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၊ဒီဇင်ဘာလအတွင်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၅ရက်မှာတော့ ပန်းပင်ကြီးလမ်းထဲကနေထွက်လာတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က ကားနဲ့တိုက်ပြီး ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
 
အဲဒီဖြစ်စဉ်မှာ ဖမ်းဆီးတဲ့နေရာမှာ ဆန္ဒပြသူတစ်ဦးသေဆုံးခဲ့ပြီး ဆန္ဒပြသူတချို့နဲ့ သတင်းထောက်အချို့ ဖမ်းဆီးခံခဲ့ရပါတယ်။