ကန်ရွာရဲစခန်းကို အမည်မသိအဖွဲ့ ပစ်ခတ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းက ကန်ရွာရဲစခန်းကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီကျော်မှာ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
“ဘယ်အဖွဲ့ ဘယ်ကောင်တွေ လာလုပ်သွားတာလဲကိုမသိသေးဘူး။ ကျနော်တို့အဖွဲ့တွေတော့မဟုတ်ဘူး။ စုံစမ်းနေဆဲပါ။ ထိခိုက်မူမရှိဘူးလို့သိရတော့ သူတို့ချင်းချင်း လံကြုပ်လုပ်ပြီး ခြောက်တာလည်းဖြစ်နိုင်ပါတယ်” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ကန်ရွာရဲစခန်းကို စခန်းရဲ့အနောက်တောင်ဘက်ကနေ ပစ်ခတ်တာဖြစ်ပြီး ရဲစခန်းဘက်ကလည်း ပြန်လည်ပစ်ခဲ့တာမှာ နာရီဝက်နီးပါးလောက်ကြာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုရှိ၊မရှိကိုတော့ မသိရသေးပါဘူး။
“စခန်းအနောက်တောင်ဘက် လယ်ပြင်ဘက်ကနေပစ်တာ။ စခန်းထဲကလည်းပြန်ပစ်တယ် နာရီဝက်နီးပါး လောက်ကြာတယ်။ အထိအခိုက်ရှိတယ်လို့ မကြားပါဘူး” လို့ ကန်ရွာတောင်ပိုင်းနေ ရွာသူတစ်ဦးက DNAကို ပြောပါတယ်။
လက်ရှိမှာတော့ ကန်ရွာက စစ်ကြောင်းနဲ့ ဂန့်ဂေါဘက် အထွက်က စစ်ကြောင်းဟာ သာကောင်းနဲ့ ကန်ရွာကြားမှာ တပ်ဖြန့်ထားကြောင်း ဒေသခံတွေကပြောပါတယ်။