ပုလောမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အရှေ့ဘက်ခြမ်းကျေးရွာတွေကို အကြမ်ဖက်စစ်တပ်ဘက်က ဒီနေ့ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနက် ၇ နာရီလောက်ကတည်းက စတင်ပြီး ပုလောတပ်ဘက်ကနေ ဂျက်ဂါ၊ ကျောင်းနိမ့်၊ မှော်မိကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။
အကြမ်းဖက်အဖွဲ့ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေ ရှိနေတာကြောင့် ဒေသခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတာဖြစ်ပါတယ်။
“ပုလောတပ်ဘက်ကနေ ပစ်နေတာ။ လက်နက်ကြီးတွေ ဆက်တိုက်ဘဲ။ ရွာထဲ ကျပေါက်ကွဲတာတွေရှိနေတော့ ပြေးကြတယ်။ ထိခိုက်မှုတော့မသိရသေးဘူး။ အရင်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ကျောင်းနိမ့်ကျေးရွာအနီးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်အုပ်စုတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပြီး နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။
ပုလောမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ PDF တွေ ခိုအောင်းနေတယ်လို့ဆိုပြီး စစ်အုပ်စုဘက်က တိုက်ခိုက်တာမျိုးတွေရှိနေသလို ဆန်၊ ဆီအပါအဝင် စားသောက်ကုန်တွေကို သယ်ယူခွင့် ကန့်သတ်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။