စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ဝေါလေရဲစခန်းကို သိမ်းပိုက်၊စခန်းမှူးအပါအဝင် ရဲ ၃ ဦးကို အရှင်ဖမ်းမိ

Photo – CJ
မြ၀တီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ က ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်မှာ ဝေါလေရဲစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း ဒေသတွင်းမီဒီယာ KIC ကဖော်ပြပါတယ်။
ဝေါလေရဲစခန်း အချုပ်ခန်းထဲမှာ ဖမ်းဆီးထားတဲ့ CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ကပြောတယ်လို့ ဆိုပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေပြီးစီးသွားပါက စစ်ရေးအခြေအနေကို တရားဝင်ထုတ်ပြန်ပေးသွားမယ်လို့ သိရကြောင်း KIC ကဆိုပါတယ်။မေလ ၁၈ ရက်နေ့ကလည်း သေ့ဘောဘိုးစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ခဲ့သလို မတ်လ ၂၁ ရက်နေ့ကလည်း စစ်တပ်နယ်ခြား ခံစစ်စခန်းတစ်ခုဖြစ်တဲ့ မော်ခီးစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။