ရုရှားစစ်ယာဉ်တန်းကို ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကို ယူကရိန်း ဂုဏ်ပြု

Photo – AP

ယူကရိန်းကို ကျူးကျော်လာတဲ့ ရုရှားသံချပ်ကာယာဉ်တန်းကို ဒရုန်းနဲ့ထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တဲ့ အသက် ၁၅နှစ်အရွယ် Andriy Pokrasa နဲ့ သူ့ရဲ့ဖခင် Stanislav တို့ကို ယူကရိန်းအစိုးရက ဂုဏ်ပြုခဲ့ပါတယ်. 

ကျူးကျော်စစ်အစောပိုင်းကာလာမှာ ရုရှားတင့်ကားနဲ့ထရပ်ကားတွေ ရွာအနီးကို ချီတက်လာချိန် သူတို့သားအဖနှစ်ယောက်ဟာ ဒရုန်းကို တိတ်တဆိတ်လွှတ်တင်ပြီး မြို့တော်ကိယက်ဗ်ဆီ ဦးတည်ရွေ့လျားနေတဲ့ သံချပ်ကာယာဉ်တန်းရဲ့ ဓာတ်ပုံတွေကို ရိုက်ယူကာ နေရာတွေကိုအတိအကျ ဖော်ထုတ်ခဲ့ကြတာပါ။

အဲဒီ အဖိုးတန်သတင်းအချက်အလက်တွေကို ယူကရိန်းစစ်တပ်ဆီ လျင်လျင်မြန်မြန် သတင်းပို့ခဲ့တာကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ ယူကရိန်းအမြှောက်တပ်တွေကနေ ကျည်ဆန်နေ ပစ်လွှတ်လိုက်ပြီး ရုရှားတပ်တွေကို ချေမှုန်းခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်ကျူးကျော်မှုအပြီး တစ်ပတ်ပြည့်တဲ့အခါ သားအဖနှစ်ယောက်ဟာ ဒရုန်းနဲ့ ထပ်ခါထပ်ခါ လွှတ်တင်ခဲ့ပါသေးတယ်။ ဒီလိုလျှို့ဝှက်ထောက်လှမ်းတာကို ရုရှားတပ်တွေ သတိထားမိသွားရင်  အန္တရာယ်များတာကြောင့် “ဒါဟာ ကျွန်တော့်ဘဝရဲ့ ထိပ်လန့်စရာအကောင်းဆုံး အခိုက်အတန့်တွေပါပဲ” လို့  Andriy Pokrasa  က ပြောပါတယ်။

သူတို့ပေးတဲ့အချက်အလက်ကို အသုံးပြုပြီး  ရုရှားပစ်မှတ် ဘယ်လောက်များများ ဖျက်ဆီးခဲ့တယ်ဆိုတာ‌တော့ ဖော်ပြမထားပါဘူး။ ဒါပေမယ့် ဒရုန်းတွေနဲ့ ရိုက်ကူးမှုအရ ရုရှားယာဉ်တန်းတလျောက်  မီးလောင်ကျွမ်းနေတဲ့ ကုန်တင်ကား၊ တင့်ကားတွေ ပျက်ဆီးနေတာကို မြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။